မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် အသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်း

ကောင်စီအဖွဲ့ဝင်သစ်တွေကို မဲပေးပြီးရွေးချယ်

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHARKHINMGWIN

ဓာတ်ပုံ ပုံစာ,

ကောင်စီအဖွဲ့ဝင်သစ်တွေကို မဲပေးပြီးရွေးချယ်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ကိုယ်စားလှယ်အသစ်တွေကို သြဂုတ်လ ၁၈ ရက်နေ့ က ရွေးချယ်လိုက်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာဥပဒေ ပေါ်ထွန်းလာပြီးတဲ့နောက် အဲဒီ ဥပဒေအရ မြန်မာသတင်းမီဒီယာကောင်စီဝင်တွေကို ဒုတိယအကြိမ်မြောက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ရွေးချယ်တင်မြှောက်ခံရသူ ကောင်စီဝင် ၂၉ ဦးရှိပြီး အဲဒီထဲမှာတော့ နိုင်ငံတော်သမ္မတ အပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ တို့က အဆိုပြုခဲ့တဲ့ ကိုယ်စားလှယ် ၃ ဦးလည်း ပါဝင်ပါတယ်။

အခုရွေးကောက်ပွဲကို မီဒီယာအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်လောင်း ၅၅ ဦး ဝင်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်တွေအချင်းချင်း မဲပေးတဲ့စနစ်နဲ့ ကောင်စီဝင် ၂၉ ဦးတိတိ ရွေးချယ်ပြီးဖြစ်တယ်လို့ ရွေးချယ်ခံ ကိုယ်စားလှယ် တွေက ဆိုပါတယ်။

ရွေးချယ်တင်မြှောက်ထားတဲ့ ကောင်စီဝင်တွေထဲက ဥက္ကဌနဲ့ အတွင်းရေးမှူးတွေကို နောက်ထပ် ရက်သတ္တပတ် ၃ ပတ် အကြာမှာ ထပ်မံရွေးချယ်တင်မြှောက်သွားမှာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHARKHINMGWIN

ဓာတ်ပုံ ပုံစာ,

ရွေးကောက်ခံရတဲ့ ကောင်စီဝင်အသစ်များ

အခုလက်ရှိ ကောင်စီဝင်သစ်တွေမှာ အမျိုးသမီးတွေအပြင် အသက်အရွယ်စုံလူငယ်တွေပါ ပါဝင်လာတဲ့ အတွက် အရင် ကထက် ပိုမိုဆွေးနွေးငြင်းခုံနိုင်မယ်လို့ယုံကြည်ပြီး ကောင်စီရဲ့လုပ်ငန်းတွေ အောင်မြင်မှုကတော့ သက်ဆိုင်ရာ အစိုးရနဲ့ဝန်ကြီးဌာနတွေရဲ့ ပေါ်လစီနဲ့လည်း သက်ဆိုင်တယ်လို့ ရွေးချယ်ခံရတဲ့ကောင်စီဝင်တဦး ဖြစ်တဲ့ ကိုဇေယျာလှိုင် က ပြောပါတယ်။

ဒီတခါရွေးချယ်တင်မြောက်ပွဲကို လူငယ်တွေက အရင်ကထက်ပိုမို စိတ်ဝင်စားကြသလို ရွေးချယ်ခံရတဲ့ ကောင်စီဝင် ၂၉ ဦးထဲမှာ အမျိုးသမီး ၄ ဦး ပါဝင်ပြီးတော့ အမျိုးသမီးတွေအနေနဲ့ အခုထက်ပိုပြီး ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ရရှိသွားဖို့ မျှော်လင့်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် ကိုယ်စားပြု ဝင်ရောက်ခဲ့တဲ့ မဝေမာသိမ့်က ဘီဘီစီကိုပြောပါတယ်။

ကောင်စီဝင်ရွေးကောက်ပွဲမတိုင်မီ ကောင်စီဝင်ရွေးကောက်တာနဲ့ ပတ်သက်လို့ သတင်းမီဒီယာ လောက မှာ ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။

သမ္မတအပါအဝင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ဘက်က အဆိုပြုတဲ့ ကိုယ်စားလှယ် လောင်း တွေကို အလိုအလျောက် ကောင်စီဝင်အဖြစ် လက်ခံရတာနဲ့ ဆန္ဒမဲပေးရာမှာ အပြင် သတင်းမီဒီယာ လောကသား တွေ မဲ မပေးရပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေပဲ အချင်းချင်းမဲပေးရတဲ့ စနစ်ကို ဝေဖန်ကြခဲ့ကြတာပါ။