မီဒီယာကောင်စီ ရွေးကောက်ပွဲ အမျိုးသမီး ၄ယောက်သာ ပါ၀င်

ဓာတ်ပုံ မူပိုင် Mm.presscoucil Facebook
Image caption သတင်းမီဒီယာကောင်စီ ဒုတိယ အကြိမ် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တွေအတွက် ကိုယ်စားလှယ်လောင်းတွေကို သြဂုတ်လ ၁၈ ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာဥပဒေ ထွက်အပြီး ဥပဒေအရ မြန်မာသတင်းမီဒီယာ ကောင်စီဝင်တွေကို ဒုတိယအကြိမ်ရွေးချယ်ခဲ့ပါတယ်။

ရွေးချယ်တင်မြှောက်ခံရသူ ကောင်စီဝင် သုံးဆယ်ဦးရှိပြီး ဒီထဲမှာတော့ နိုင်ငံတော် သမ္မတ အပါဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ တို့က ကိုယ်စားလှယ်သုံးဦးကို အဆိုပြုခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာ မီဒီယာအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်လောင်း ၅၅ဦး ဝင်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်တွေအချင်းချင်း မဲပေးတဲ့စနစ်နဲ့ ကောင်စီဝင် နှစ်ဆယ့်ကိုးဦးတိတိ ရွေးချယ်ပြီးဖြစ်တယ်လို့ ရွေးချယ်ခံ ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ရွေးချယ်တင်မြှောက်ထားတဲ့ ကောင်စီဝင်တွေထဲက ဥက္ကဌနဲ့ အတွင်းရေးမှူးများကို နောက်ထပ် ရက်သတ္တပတ် သုံးပတ် အကြာမှာ ထပ်မံရွေးချယ်တင်မြှောက်သွားမှာလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ကောင်စီဝင်သစ်တွေမှာ အမျိုးသမီးတွေ အပြင် အသက်အရွယ်စုံလူငယ်တွေပါ ပါဝင်လာတဲ့ အတွက် နဂိုကထက် ပိုမို ဆွေးနွေးငြင်းခုံနိုင်မယ်လို့ ယုံကြည်ရပြီး ကောင်စီရဲ့ လုပ်ငန်းတွေ အောင်မြင်မှုကတော့ သက်ဆိုင်ရာ အစိုးရနဲ့ဝန်ကြီးဌာနတွေရဲ့ ပေါ်လစီနဲ့ သက်ဆိုင်တယ်လို့ ရွေးချယ်ခံရတဲ့ကိုဇေယျာလှိုင်က ပြောပါတယ်။

ဒီတခါရွေးချယ်တင်မြောက်ပွဲကို လူငယ်တွေကအရင်ကထက်ပိုမို စိတ်ဝင်စားကြသလို ရွေးချယ်ခံရတဲ့ ကောင်စီဝင်ထဲမှာ ၂၉ဦးထဲမှာ အမျိုးသမီး လေးဦး ပါဝင်ပြီးတော့ အမျိုးသမီးတွေအနေနဲ့ အခုထက်ပိုတဲ့ ဆုံးဖြတ်ချက်နေရာတွေမှာ ရရှိသွားဖို့ မျှော်လင့်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် ကိုယ်စားပြု ဝင်ရောက်ခဲ့တဲ့ မဝေမာသိမ့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Mm.presscouncil facebook
Image caption ကောင်စီ၀င်သစ်တွေမှာ အမျိုးသမီးတွေ အပြင် အသက်အရွယ်စုံနဲ့ လူငယ်တွေပါ ပါဝင်လာ

ကောင်စီဝင်ရွေးကောက်ပွဲ မတိုင်မီ ကောင်စီဝင်ရွေးကောက်တာနဲ့ ပတ်သတ်လို့ သတင်းမီဒီယာ လောကဘက်က ပြောဆိုတာတွေ ဝေဖန်တာတွေရှိခဲ့ပါတယ်။

အဓိကကတော့ သမ္မတအပါအဝင် အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်တို့ဘက်က အဆိုပြုတဲ့ ကိုယ်စားလှယ်လောင်းတွေကို အလိုအလျှောက် ကောင်စီဝင်အဖြစ် လက်ခံရတာနဲ့ ဆန္ဒမဲပေးရာမှာ အပြင် သတင်းမီဒီယာ လောကသားတွေ မပေးရပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေပဲ အချင်းချင်းပေးရတဲ့ စနစ်ကို ဝေဖန်ကြတာဖြစ်ပါတယ်။

လက်ရှိ ပြန်ကြားရေး ၀န်ကြီး စတင် တာဝန်ယူစဉ် ၂၀၁၆ အောက်တိုဘာလတုန်းက ရန်ကုန်မြို့ သတင်းမီဒီယာကောင်စီရုံးခန်းမှာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ တွေ့ဆုံပြီး မြန်မာ မီဒီယာလောက အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြဖူး ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ အစိုးရ ဌာနဆိုင်ရာဘက်က မီဒီယာတွေကို သတင်းတွေထုတ်ပြန်တဲ့ နေရာမှာ နှေးကွေးမှု ကြန့်ကြာမှု အားနည်းချက်တွေ ရှိသလို မီဒီယာတွေ ဘက်ကလည်း သတင်းရယူတဲ့ နေရာမှာ Capacity အားနည်းမှု ရှိကြောင်း ၊ ကြိုးစားအားထုတ်မှု နည်းသွားတဲ့ အနေအထားမျိုးကို တွေ့နေရတယ်လို့ ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် မီဒီယာသမားတွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အကြားမှာ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြဖို့ကိုလည်း ဝန်ကြီးက ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေ ရှင်သန်ဖို့ အစိုးရ သတင်းစာတွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်ဖို့၊ လျော့ချဖို့ လိုအပ်တယ်လို့ ဆွေးနွေးခဲ့ကြတဲ့ အပေါ် ပြန်ကြားရေးဝန်ကြီးက ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရ ဖြစ်တဲ့ အတွက် ပြည်သူလူထုကို ပြန်ကြားဖို့ သတင်းစာတွေဟာ လိုအပ်ကြောင်း ဆိုသွားခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီးဌာနပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ မြန်မာ့ မီဒီယာကောင်စီ က အဖွဲ့ဝင်တွေ နေပြည်တော်မှာ တွေ့ဆုံပြီး သတင်းစီးဆင်းမှု ချောမွေ့ အဆင်ပြေစေရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကိုလဲ သဘောတူညီမှုတွေလည်း ရရှိခဲ့ပါတယ်။