နမ့်ခမ်းက အမျိုးသမီးတစ်ဦးကို ဖမ်းထားကြောင်း TNLA အတည်ပြု

Image caption ဘာ့ကြောင့်ဖမ်းခေါ်ရတာလဲ အခုအချိန်မှာ မပြောသေးဘူးလို့ဆို

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နမ့်ခမ်း မြို့ပေါ်ကနေ အမျိုးသမီး တစ်ယောက်ကို တအာင်းလက်နက်ကိုင် TNLA တပ်က ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။

နန်းမိုဟွမ် လို့ အမည်ရှိတဲ့ ရှမ်း အမျိုးသမီးကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့က သူတို့ ခေါ်ဆောင်သွားတာ ဟုတ်တယ်ဆိုပြီး TNLA က ဘီဘီစီကို အတည်ပြုပါတယ်။

TNLA ရဲ့ ဥပဒေ စည်းမျဉ်းကို ချိုးဖောက်လို့ ဖမ်းရတာ ဖြစ်တယ် ဆိုပြီး TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်က ပြောပေမယ့် အသေးစိတ်ကိုတော့ အခု အချိန်မှာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အမိန့်ချတဲ့ အချိန်ကျရင် ကြေညာမယ်၊ မိသားစုနဲ့လည်း တွေ့ခွင့်ပြုမယ် ဆိုပြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

အခုအချိန်မှာတော့ အဲဒီ အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို TNLA ဘက်က အာမခံချက် ပေးတယ်လို့လည်း ဆိုပါတယ်။

နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်ထဲက နန်းမိုဟွမ်ရဲ့ နေအိမ်ကို ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ TNLA လက်နက်ကိုင်တွေ ပါတဲ့ ပါဂျဲရိုးကား တစ်စင်း ခြံဝင်းထဲထိ ဝင်လာပြီး နန်းမိုဟွမ်ကို သေနတ်တွေနဲ့ချိန် ဖမ်းဆီး ခေါ်ဆောင် သွားတာ ဖြစ်တယ်လို့ နမ့်ခမ်း ဒေသခံ လူငယ်များကွန်ရက်က ဘီဘီစီကို ပြောပါတယ်။

Image caption ရှမ်းလူငယ်တွေရဲ့ ထုတ်ပြန်ချက်

ပြီးခဲ့တဲ့နှစ်က နန်းမိုဟွမ်နဲ့ ခင်ပွန်းသည် စိုင်းစောရွှေတို့ရဲ့ နေအိမ်ကို TNLA က လာရောက် ဆက်ကြေး ကောက်ခဲ့ပြီး ပြန် အထွက် အစိုးရ စစ်တပ်နဲ့ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တယ်လို့ လူငယ်များကွန်ရက်က စိုင်းယီက ပြောပြီး၊ အခုလို ဖမ်းဆီး ခေါ်ဆောင်သွားမှုဟာ အဲဒီ ဖြစ်ရပ်နဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။

TNLA ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ချိန်တဲ့ အပြုအမူ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

လူငယ်များကွန်ရက်ရဲ့ အဆိုအရ TNLA အဖွဲ့ရဲ့ အပြုအမူကြောင့် ရှမ်းနဲ့ တအာင်းပလောင် လူမျိုးစုတွေကြား လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ပေါ်ပေါက်လာမှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ရှေးအစဉ်အဆက် အတူတကွ နေထိုင်ခဲ့သူတွေဟာ အခုနှစ်တွေ အတွင်းမှာ အခေါ်အပြော အဆက်အဆံတွေ နည်းသွားခဲ့ကြပြီး ခပ်ကင်းကင်း နေလာတာမျိုးတွေ တွေ့နေရတယ်လို့ စိုင်းယီက ဆိုပါတယ်။

မိုင်းအိုက်ကျော်ကတော့ TNLA အဖွဲ့ရဲ့ အခု လုပ်ဆောင်ချက်ဟာ လူမျိုးရေး အပေါ်မှာ အခြေမခံဘူးလို့ ငြင်းဆို ထားပါတယ်။