ဆောက်ပေးတဲ့ စာသင်ကျောင်းတွေ တင်ဒါစည်းကမ်းနဲ့ မညီ

ဓာတ်ပုံ မူပိုင် MOI facebook
Image caption မြန်မာနိုင်ငံက စာသင်ကျောင်းတခုကို အပြင်က မြင်တွေ့ရစဉ်

ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူဆောက်လုပ်တဲ့ စာသင်ကျောင်းတွေဟာ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့ မညီတာတွေ ရှိတယ်လို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ က ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပညာဝန်ကြီးဌာနက စာသင်ကျောင်း နှစ်ထောင် ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူ ဆောက်လုပ်ခဲ့ပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောက်လုပ်ခဲ့တဲ့ စာသင်ကျောင်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူငွေ စာရင်းပူးပေါင်း ကောင်မတီက သူတို့ရဲ့ တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်ထောင်စု လွှတ်တော်ဆီ တင်ပြခဲ့ပါတယ်။

တင်ဒါစည်းမျဉ်းစည်းကမ်းအရ တစ်နှစ်အတွင်း ပြီးစီးအောင်ဆောက်လုပ်ဖို့ သတ်မှတ်ထားပေးမယ့် တစ်နှစ်အတွင်း မပြီးလို့ နောက် ၆ လတိုးပေးခဲ့တာတောင် ဆောက်လုပ်ဖို့လျာထားတဲ့ ကျောင်း ၂ ထောင် ထဲက ၆၀ဝ ကျော်လောက်ပဲ ပြီးစီးတာရှိတယ်လို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI facebook
Image caption အရည်အသွေးမမှီတဲ့ ဆောက်လုပ်မှုတွေကြောင့် စာသင်ခန်း ရေလွှမ်းမှုနဲ့ ကြုံရစဉ်

ဒါ့အပြင် တင်ဒါရတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ ကိုယ်တိုင် မဆောက်လုပ်ပဲ Sub ကန်ထရိုက်လို့ ခေါ်တဲ့ တဆင့်ခံ ပြန်လည်ဆောက်လုပ်ခိုင်းတာတွေ ၊ ဆောက်လုပ်ထားတဲ့ကျောင်း တချို့ဟာလည်း အရည်အသွေးမပြည့်မှီတာ တွေရှိတယ် ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် တချို့က သက်သေအထောက်အထားတွေနဲ့ တင်ပြတာတွေ ရှိပါတယ်။

ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

တချို့ ဆွေးနွေးချက်တွေထဲမှာ စာသင်ကျောင်းတွေအတွက် အသုံးပြုတဲ့ သစ် တွေဟာ အရည်အသွေးညံဖျင်းတဲ့ သစ်တွေ သုံးထားတယ်လို့လည်း ပါရှိပါတယ်။

ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီအနေနဲ့ ပညာရေးဌာန ကကျောင်းတွေလို တခြား တည်ဆောက်ရေး လုပ်ငန်းတွေမှာ အလားတူ ကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့ မီးမောင်း ထိုးပြ လိုတဲ့အတွက် ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့တယ် ဖြစ်ပါတယ်။

လာမယ့် ဘတ်ဂျက်ရာသီတွေမှာ အခုလို မဖြစ်စေဖို့ အတွက် အဆင့်တွေများနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖြေလျော့ဖို့ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနကသာ ကြီးကျပ်ဖို့ ၊ တင်ဒါစည်းမျဉ်းစည်းကမ်း တချို့ကို ပြန်ပြင်ဆင်ဖို့ စတာတွေ လုပ်ဆောင်ရမယ့် အကြောင်း ကိုလဲ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီက အကြံပြုထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ် အများစုကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီ မဆောင်ရွက်တဲ့ ဝန်ထမ်း အကြီးအကဲတွေကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ