တောင်ကြီး လေးလောင်းပြိုင် လူသတ်မှု

ဓာတ်ပုံ မူပိုင် Taunggyi News facebook
Image caption လူသတ်မှု မရှိသလောက် ရှားတဲ့ တောင်ကြီးက တပ်နယ်မြေမှာ လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ် တောင်ကြီးမြို့က အစိုးရတပ်စခန်းတစ်ခုအနားမှာ အရာခံဗိုလ်တွေအပါအဝင် လေးလောင်းပြိုင်လူသတ်မှုတစ်ခု သြဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရသူတွေထဲမှာ အမျိုးသမီးတယောက်နဲ့ ကလေးငယ်တယောက်ပါတယ်လို့ သတင်းရရှိပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ အထူးတပ်စခန်းတခုအနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ၆ နဲ့ ၇ နာရီဝန်းကျင် မှောင်စပြုလာတဲ့ အချိန်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောပါတယ်။

တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားပေါ်တက်တဲ့ လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း၊ အဲဒီနားက ဆေးတက္ကသိုလ် နောက်ကျောမှာ တပ်ရင်း တခုရှိပြီး အဲဒီ တပ်က သီးသန့် ဖြစ်ကာ ကန့်သတ် နယ်မြေ အဖြစ် ဆိုင်းဘုတ်ထူ သတ်မှတ် ထားတဲ့ တပ်ဖြစ်ကြောင်း ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့လို ရိုးရိုး တပ်မဟုတ်ကြောင်း ၊ သေဆုံးသူတွေထဲ ဒုအရာခံဗိုလ် နှစ်ယောက် လည်း ပါဝင်ကြောင်း သူက ဆိုပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီး ဟာ အသက် ၃၇နှစ် ရှိပြီး ကလေးကတော့ ငါးနှစ် ဖြစ်တယ်လို့ ဦးမင်းစိုးက ရှင်းပြပါတယ်။

ကျန်တဲ့ အရာခံ ဗိုလ် နှစ်ယောက် ကတော့ အသက် ၂၅ နှစ် နဲ့ ၃၀ နှစ် အသီးသီး ရှိသူတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ကလေးဟာ သားအမိ ဖြစ်ပြီး အသတ်ခံရတဲ့ အထဲမှာ သူ့အမျိုးသား မပါဝင်တာ တွေ့ရဘူးလို့ သူက ဆိုပါတယ်။

ထွေအုပ်ရုံးမှာ ဗိုလ်မှူးတစ်ယောက်ရဲ့ လာရောက် သတင်းပေးပို့ချက်အရ သေဆုံးသူမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးခဲ့တာလို့ ဦးမင်းစိုး က ပြောပါတယ်။

ဘာအကြောင်းကြောင့် သတ်သလဲ ဆိုတာ မသိရသေးကြောင်း ၊ တောင်ကြီးမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆက်ဆံရေး ရုံးတွေ ရှိပေမယ့် ခုဖြစ်တဲ့ နေရာနဲ့ ဝေးကြောင်း ၊ သေဆုံး ဒဏ်ရာတွေကလည်း ဓါးနဲ့ ထိုးထားတာ ဖြစ်ကြောင်း ၊ နောက်ပိုင်းမှာ စစ်ရင်း ပေါ်လာနိုင်မှာ ဖြစ်ကြောင်း ၊ ခုတော့ မဆရ ၂ စစ်ဆေးရုံကို အလောင်းတွေ ပို့ထားကာ ဆေးစစ်ချက် ယူထားကြောင်း ဦးမင်းစိုးက ရှင်းပြခဲ့ ပါတယ်။

အစိုးရထိန်းချုပ်တဲ့နေရာဖြစ်တဲ့ တောင်ကြီးမြို့ပေါ်မှာ အစိုးရအုပ်ချုပ်ရေးရုံး၊ စစ်တပ်၊ ရဲစခန်းနဲ့ ပြည်သူ့စစ်တွေရှိနေတဲ့အတွက် အခုလိုသတ်ဖြတ်မှုမျိုး မရှိသလောက်ရှားတယ်လို့ ဦးမင်းစိုး က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Taunggyi Facebook
Image caption တောင်ကြီးမြို့ အဝင် မုခ်ဉီးကို မြင်တွေ့ရစဉ်

၂၀၁၆ သြဂုတ် လတုန်းကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေညောင် အပိုင် ရပ်စောက် လမ်းခွဲ က တောင်နီ ရွာမှာ မိသားစုဝင် သုံးဦး စလုံး အသတ်ခံ ရတဲ့ သုံးလောင်းပြိုင် လူသတ်မှု တခု ဖြစ်ပွားခဲ့ ပါတယ်။

တောင်ကြီးမြို့နဲ့ မိုင် ၃၀ လောက် ဝေးတဲ့ ဒီ တောင်နီရွာ လူသတ် မှုမှာ အသတ်ခံ ရသူတွေဟာ အမျိုး သမီး တစ်ဦး နဲ့ ကလေး နှစ်ဦး ဖြစ်ပါ တယ်။

ခုလို ကလေးငယ်တွေ အပါ အဝင် မိသားစု ဝင်တွေ အသတ်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး လူအများ စိုးရိမ် မှုတွေ ရှိကြ သလို မြန်မာ နိုင်ငံမှာ သုံးလောင်းပြိုင် ၊ လေးလောင်းပြိုင် လူသတ်မှုတွေကို နှစ်အတော်ကြာသည့်တိုင် လုံခြုံရေး အဖွဲ့တွေက ဖော်ထုတ် နိုင်ခြင်း မရှိဘဲ ဖြစ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ