ကျိုက်ဝိုင်းဘုရားထဲက စားသောက်ဆိုင်ကို လွှတ်တော်အမတ်ကန့်ကွက်

Image caption ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘရား

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရား ဝတ္တကနယ်မြေအတွင်း ဆောက်လုပ်ထားတဲ့ အဆောက်အဦ တခုကို နယ်မြေခံလွှတ်တော်အမတ်က ကန့်ကွက်သွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၁၉ ရက်ထုတ် ကြေးမုံသတင်းစာမှာ အဆောက်အဦ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ပြီးနောက်မှာ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ကန့်ကွက်မယ်လို့ ဘီဘီစီကို ပြောခဲ့တာဖြစ်ပါတယ်။

ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ အဲဒီမြေဟာ ကျိုက်ဝိုင်းဘုရား ဝတ္တကမြေဖြစ်တဲ့ အတွက် အနီးအနားပတ်ဝန်းကျင်ပြည်သူလူထုကရော၊ ဘုရားဂေါပကအဖွဲ့ကရော၊ သံဃာတော်တွေကပါ သဘောမတူကြတဲ့ အတွက် သူတို့အားလုံးရဲ့ ကိုယ်စား သူက ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ ဦးရန်ရှင်းက ပြောပါတယ်။

ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့ ကြေညာချက်အရ အဲဒီနေရာကို ဦးရှောက်ဆန်း ဆိုသူက ဆောက်လုပ်မှာ ဖြစ်ပြီး ကန့်ကွက်လိုသူရှိရင် ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ရေးသားထားပါတယ်။

ဦးရှောက်ဆန်းဟာ ဧည့်နိုင်ငံသားဖြစ်ပြီး ကန့်ကွက်နိုင်ကြောင်း ကြေညာတဲ့ အဆောက်အဦဟာလည်း တကယ်တော့ ဆောက်လုပ်ထားပြီးရုံသာမက စားသောက်ဆိုင်တောင် ဖွင့်လှစ် ရောင်းချနေပြီလို့ ဦးရန်ရှင်းက ဆိုပါတယ်။

Image caption ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့ ကန့်ကွက်နိုင်ကြောင်း ကြေညာချက်

အဆောက်အဦ စတင်ဆောက်လုပ်တုန်းက ဘာ့ကြောင့် မကန့်ကွက်ခဲ့သလဲလို့ ဘီဘီစီက မေးရာမှာ အဲဒီတုန်းက မသိလို့ မကန့်ကွက်ခဲ့တာလို့ လွှတ်တော်အမတ် ဦးရန်ရှင်းက ပြောပါတယ်။ အခုတော့ အနီးအနား ပြည်သူတွေက သဘောမတူကြောင်း တင်ပြ ပြောဆိုလာလို့ သိရှိပြီး ကန့်ကွက်တာလို့ သူကဆိုပါတယ်။ ဒါပေမယ့် အဆောက်အဦ စတင် ဆောက်လုပ်ကတည်းက စည်ပင်သာယာက ကန့်ကွက်ထားသလို အရေးယူထားတာလည်း ရှိတယ်လို့ ဦးရန်ရှင်းက ပြောပါတယ်။

ဧည့်နိုင်ငံသားဖြစ်သူ ဦးရှောက်ဆန်းဟာ အဲဒီမြေနေရာကို ငှားရမ်းပြီးနောက် ၂ ထပ်စားသောက်ဆိုင် ဆောက်လုပ်ပြီး ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။

ကျိုက်ဝိုင်းဘုရား ဝတ္တကမြေဟာ ကျယ်ဝန်းပြီး ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်ကြသူ တော်တော်များများရှိပါတယ်။ ဒေသန္တရ ဆေးခန်းတခန်းလည်း ရှိပါတယ်။ ဒါပေမယ့် အခိုင်အမာ အဆောက်အဦမျိုး ဆောက်လုပ်မှာကိုတော့ ဘုရားဂေါပကနဲ့ သံဃာတော်တွေက ခွင့်မပြုခဲ့ပါဘူး။ ဝန်ထမ်းအိမ်ရာ လေးထပ် အဆောက်အဦ ဆောက်လုပ်မှာကို ကန့်ကွက်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ