ရခိုင်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေမှာ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံနေရ

ကျိုက်ထီးရိုးဘုရားနားက ရောင်းချတဲ့ ဆင်အံသွားအပါအဝင် တောရိုင်း တိရစ္ဆာန် ပစ္စည်းတွေ

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD / AFP/Getty Images

ဓာတ်ပုံ ပုံစာ,

ကျိုက်ထီးရိုးဘုရားနားက ရောင်းချတဲ့ ဆင်အံသွားအပါအဝင် တောရိုင်း တိရစ္ဆာန် ပစ္စည်းတွေ

မြန်မာနိုင်ငံက တောဆင်ရိုင်းတွေ မုဆိုးလိုက်သတ်ဖြတ်နေတာတွေ ကာကွယ်ဖို့ အစိုးရနဲ့ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ လုပ်ကိုင်ဆောင်ရွက်နေပေမယ့် အခုချိန်ထိ ထိထိရောက်မလုပ် ဆောင်နိုင်သေးဘူးလို့ အန်ဂျီအိုအဖွဲ့တွေက ထောက်ပြကြပါတယ်။ အထူးသဖြင့် ရခိုင်ရိုးမနဲ့ ပဲခူးရိုးမတွေမှာ တောဆင်တွေသတ်ဖြတ်ခံရတာတွေ ဆိုးရွားနေဆဲပဲလို့သိရပါတယ်။ နိုင်ငံတကာတောရိုင်း တိရစ္ဆာန် ကာကွယ်ရေးအဖွဲ့နဲ့ လုပ်ကိုင်ဆောင်ရွက် နေတဲ့ ရန်ကုန်အခြေစိုက် မင်္ဂလာမြန်မာ ဆိုတဲ့ မြန်မာအန်ဂျီအိုရဲ့ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းကို ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ တောဆင်တွေကိုမုဆိုးလိုက်သတ်ဖြတ်တာက ဘယ်နေရာတွေမှာ အဆိုးရွားလို့ပြောလို့ရလဲ၊ ဘာကြောင့်အဆိုးဆုံးနေရာလို့ပြောနိုင်တာလဲ။

ဖြေ။ ။ လောလောဆယ်ဖြစ်နေတာက ဧရာဝတီတိုင်းသာပေါင်းမြို့နယ်မှာပေါ့လေ။ အဲဒီနေရာက ရခိုင်ရိုးမရဲ့အဆုံးနေရာပေါ့။ ရခိုင်ရိုးမပေါ်ကဆင်းလာတဲ့ ဆင်တွေများတယ်။ ဆင်တွေဆင်းလာတာ စောင့်ပြီးတော့ မုဆိုးလိုက်တာ၊ သတ်ဖြတ်တာများတယ်။ နောက်တစ်ခုက ပဲခူးရိုးမပေါ့။ ပဲခူးရိုးမရဲ့ တောင်ပိုင်း ကျောက်တံခါး၊ တိုက်ကြီး၊ လက်ပန်းတန်းတို့ အဲ့ဒီဘက်မှာ အခုတစ်ပတ်ကို တစ်ကောင်လောက် အသတ်ခံရတယ်။

မေး။ ။ မုဆိုးတွေက ဆင်ကိုသတ်ပြီးရင် ဘယ်လိုရောင်းစားတာလဲ။ အစွယ်တွေရောင်းစားတာလား၊ ဆင်သားရေတွေလား။ ပြီးတော့ဘယ်မှာသွားရောင်းတာလဲ။

ဖြေ။ ။ အစပိုင်းမှာတော့ ဆင်စွယ်ကိုလိုက်တာပေါ့နော်။ ဒါပေမယ့်နောက်ပိုင်းကျတော့ ဆင်စွယ်တွေမကဘဲ ဆင်သားရေတွေလည်းယူတယ်၊ ဆင်နှာမောင်းနဲ့ ဆင်အသားတွေလည်း ရေခဲရိုက်ပြီးယူတာရှိတယ်၊ အခြောက်လှမ်းပြီး ယူတာရှိတယ်။ အသေဆိုရင်တရုတ်ပြည်မှာရောင်းတာများတယ်။ ဆင်အရှင်တွေကို လည်း တချို့ကမောင်းသွားပြီး ရောင်းတာရှိတယ်။ ထိုင်းနိုင်ငံမှာရော တရုတ်နိုင်ငံမှာရော ရောင်းတာရှိတယ်။

ဓာတ်ပုံ ရင်းမြစ်, Jerry Redfern /LightRocket via Getty Images

ဓာတ်ပုံ ပုံစာ,

ထိုင်းမြန်မာနယ်စပ်က ဆင်အံသွားအပါအဝင်ရောင်းချတဲ့ တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ

မေး။ ။ အဲဒီဆင်တွေက တောဆင်ရိုင်းတွေပဲလား။ တခြားဆင်တွေမပါဘူးလား။

ဖြေ။ ။ တောဆင်ရိုင်းတွေလုပ်တာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်ကိုဖမ်းလိုက်ပြီးဆိုတာနဲ့ ဌာနပိုင်၊ အစိုးရပိုင်ဆင်တွေဖြစ်နေရင် မှတ်ပုံတင်တွေရှိတယ်။ ပုဂ္ဂလိကပိုင်တဲ့ဆင်တွေဆိုရင်လည်း အစိုးရဆီမှာ မှတ်ပုံတင်နံပါတ် လုပ်ထားတယ်။ ဆိုတော့ ဒီဌာနပိုင်ဆင်တွေ၊ ပုဂ္ဂလိကတွေ အသုံးပြုတဲ့ဆင်တွေကို သွား သတ်မိလို့ရှိရင် ပိုပြီးတော့ပြဿနာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုင်ရှင်ရှိနေတော့ ပိုင်ရှင်ကလိုက်တာကိုး။

မေး။ ။ မုဆိုးတွေရဲ့သတ်ဖြတ်မှုကိုခံနေရတဲ့တောဆင်တွေကို ကာကွယ်တဲ့နေရာမှာ ဘယ်လိုအားနည်းချက်တွေရှိ နေလို့ ဘာကြောင့်ထိထိရောက်ရောက်မကာကွယ်နိုင်သေးတာလဲ။

ဖြေ။ ။ စခဲ့တဲ့ပြဿနာကတော့ သုံးလေးခုရှိတာပေါ့။ ဆင်တန်ဖိုးကြီးလာတယ်၊ ဈေးတက်လာတော့ ပိုပြီးတရားမဝင် သတ်ဖြတ်တာတွေများလာတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေက ပိုပြီးတော့ ချမ်းသာလာတယ်။ တရုတ်တို့ ထိုင်းတို့ကပိုချမ်းသာ လာတော့ သူတို့ကပိုပြီးတော့ ဝယ်လာနိုင်တယ်။ ပိုက်ဆံပိုပေးနိုင်တယ်။ ဆိုတော့ ပစ္စည်း (ဆင်တွေ) ရှားပါးလာတာကတစ်ကြောင်း၊ ဝယ်တဲ့လူကချမ်းသာလာတော့ ငွေပိုပေးနိုင်တယ်။ ပိုပေးနိုင်တဲ့အတွက် မုဆိုးတွေက ငွေပိုရတယ်၊ ပိုရတော့ ပိုပြီးတော့သတ်ဖြတ်တယ်။ နောက်အကြောင်းအရင်းတစ်ခုကတော့ ဆင်တွေကို မုဆိုးတွေက တရားမဝင်သတ်တဲ့အချိန်မှာ စစချင်းမှာကျွန်တော်တို့က မတားလိုက်နိုင်ဘူး။ နောက်ပြီး သစ်တောဦးစီးဌာနကလူတွေလည်း သေနတ်ကိုင်ခွင့်မရတော့တဲ့အခါကျတော့ တရားမဝင်သစ်ခိုး တဲ့လူတွေရော၊ ဆင်တွေကိုတရားမဝင်သတ်ဖြတ်ရောင်းစားတဲ့လူတွေရော ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အားနည်းသွားတယ်။

ဗီဒီယို ပုံစာ,

အိုင်ဝေဝေနဲ့ မြန်မာ့ဆင်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မေး။ ။ ဆင်ကိုမုဆိုးလိုက်တဲ့လူတွေက ဘယ်သူတွေလဲ။ ကျွန်တော်တို့ကြားတာက ဆင်တွေကျက်စား တဲ့နေရာမှာနေထိုင်တဲ့ ဒေသခံတွေလည်းပါတယ်ဆိုတော ဒီစွပ်စွဲချက်တွေက လက်တွေ့မှာ ဘယ်လောက် ထိနီးစပ်မှုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့သိသလောက်တော့ ဆင်ကိုတောထဲဝင်ပြီးလိုက်တယ်ဆိုရင် လူဆယ်ယောက်ထက် မနည်းဘူး။ သူတို့အုပ်စုလိုက်ကြီး လိုက်ကြတယ်။ သုံးလေးယောက်တစ်တွဲပေါ့။ ဆင်တွေကို သတ်ကွင်းထဲ ဝင်လာအောင် ခြောက်ပြီးမောင်းချတယ်။ သူတို့ သတ်လို့လွယ်တဲ့နေရာမျိုးရောက်အောင် မောင်းတာရှိ တယ်။ နောက်ပြီးဆင်ကြိုက်တဲ့အစားအစာတွေနဲ့ ခေါ်တာရှိတယ်။ ဥပမာ မီးရှို့လိုက်ရင် ပြာတွေဖြစ်သွားတယ်၊ ပြာတွေကို ဆင်တွေက လာစားမယ်။ ရေဆင်းသောက်မယ်၊ ရွှံ့လူးမယ် အဲလိုနေရာမျိုးမှာစောင့်ပြီးတော့ ပစ်တာရှိတယ်။ ဆိုတော့သူတို့တွေက နှစ်ယောက်သုံးယောက်မဟုတ်ဘူး။ ကျွန်တော်တို့သိသလောက်တော့ ဆင်ကိုလိုက်ရင် ဆယ်ယောက်၊ တခါတလေ အယောက်နှစ်ဆယ်၊ သုံးဆယ်အထိတောင်ပါတယ်။ ဆိုတေ့ ဒေသခံတွေပါတယ်၊ ကျွမ်းကျင်တဲ့မုဆိုးတွေပါတယ်။ သူတို့က တောဆင်ရိုင်းတွေရနိုင်တဲ့ဒေသတွေကို ရာသီအလိုက် လိုက်တာ။ ဒေသခံအနေနဲ့ကတော့ သတင်းပေးလို၊ လမ်းပြလိုမျိုးပါတယ်။ ဆင်မုဆိုးတွေကို လမ်းပြတယ်၊ သတင်းပေးတယ်။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD /AFP/Getty Images

ဓာတ်ပုံ ပုံစာ,

ကျိုက်ထီးရိုးဘုရားနားက ရောင်းချတဲ့ တောရိုင်းတိရစ္ဆာန် ပစ္စည်းတွေ

မေး။ ။ တောဆင်တွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အစိုးရနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်တဲ့အဖွဲ့အစည်းတွေနဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသေးတယ်လို့ထင်လဲ။

ဖြေ။ ။ အဓိကတာဝန်ယူလုပ်ဆောင်နေတဲ့သစ်တောဦးစီးဌာနနဲ့ သစ်တောရဲတွေကို လုပ်နိုင်ကိုင်နိုင်အောင် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးဖို့လိုတယ်။ အန်ဂျီအိုတွေလုပ်နိုင်တာထက် အစိုးရကပိုလုပ်နိုင် တယ်။ သစ်တောဦးစီးဌာနကို လုပ်ပိုင်ခွင့်ပိုပေးဖို့လိုတယ်။ အခုလုပ်နေတာတစ်ခုကတော့ ဆင်တွေသတ်တဲ့ လူသတင်းပေးရင် ဆုချီးမြှင့်တာတွေလုပ်တယ်။ အဲဒီအစီအစဉ်ကကောင်းပါတယ်။ နောက်တစ်ခုက မုဆိုးတွေသာမကပဲ ဝယ်လက်တွေကိုပါဖမ်းဆီးနိုင်အောင်၊ တားဆီးနိုင်အောင် လုပ်ဆောင်ရမယ်။ အဲဒီအခါကျရင် တခြားပြည်ပနဲ့ပတ်သက်လာပြီးဆိုရင် ရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးလုပ်ဖို့လိုမှာပေါ့။