ဗိုလ်ချုပ်ဟောင်းတွေပါတဲ့ ပါတီတခုထောင်မယ်

လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များ
ဓာတ်ပုံ ပုံစာ,

လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များ

စစ်တပ်က ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတခု တည်ထောင်ခွင့်ကို အခုရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ကို လာရောက်လျှောက်ထားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

လာလျှောက်ထားတဲ့ ပါတီကို အမျိုးသားနိုင်ငံရေးပါတီလို့ အမည်ပေးထားပါတယ်။

အမျိုးသားနိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့သူက ဦးသိန်းစိန်လက်ထက် သမ္မတ ရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

ဦးစိုးမောင်ဟာ အရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအမှုဆောင် ကော်မတီမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဦးစိုးမောင်ဟာ ၂၀၁၅ ခုနှစ်မှာ ကြံ့ခိုင်ရေးပါတီကနေ ရေစကြိုမြို့နယ်မှာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

ဦးစိုးမောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း တဦးဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ဥပဒေချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံခိုင်ရေးပါတီ ရဲ့ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ,

သူရဦးရွှေမန်း ၂ဝ၁၅ ရွေးကောက်ပွဲ မဲဆွယ်နေစဉ်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်

ပါတီထဲတည်ထောင်ဖို့ လျှောက်ထားသူထဲမှာ ပါဝင်တဲ့ ဦးလွန်းမောင်ဟာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ် လွန်းမောင်ဖြစ်တယ်လို့ ဦးမြင့်နိုင်ကပြောပါတယ်။

ဦးလွန်းမောင် ဟာ စစ်တက္ကသိုလ် ၁၂ သင်တန်းဆင်း တစ်ဦး ဖြစ်ပြီး သူရဦးရွှေမန်း တပ်မမှူး တာဝန်ထမ်းဆောင်စဉ်က သူက ဒုတပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း နဲ့ ဒီပါတီ ဆက်စပ်မှု လုံးဝ မရှိနိုင်ကြောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များကော်မတီ အဖွဲ့ဝင် ဦးအေးမောက်က ပြောပါတယ်။

ဗိုလ်ချုပ်(အငြိမ်းစား) ဦးလွန်းမောင် ပင်စင်ယူပြီးနောက်ပိုင်း အောင်ပြည့်စုံ အမည်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ ထမင်းဆိုင်ဖွင့်ထားခဲ့ပါတယ်။ သူ့ရဲ့ ထမင်းဆိုင်ကို မီဒီယာတော်တော်များများမှာ ဖော်ပြခဲ့ပြီး ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းဆိုပြီး နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

ပါတီတည်ထောင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်က လာရောက်လျှောက်ထားပြီး ပါတီဖြစ်မြောက်ရေးအတွက် နေပြည်တော်က ယခင်စီးပွားကူးသန်းဝန်ကြီးဟောင်း ဦးဝင်းမြင့်ပိုင်တဲ့ ရတနာသိင်္ခဟိုတယ်မှာ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ကော်မရှင်ကို ပါတီတည်ထောင်ခွင့် လာလျှောက်ကတည်းက ပြည်ထဲရေးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနကို စစ်ဆေးဖို့ ကော်မရှင်ဘက်က ပြန်ချထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

အရင်ပါတီဝင်ဖူးသူတွေအတွက်ကတော့ ကိုယ်ရေးရာဇဝင်စစ်ဆေးရတာ ကြာရှည်နိုင်ပြီး ပြည်ထဲရေးနဲ့ လဝက ဘက်က အချက်အလက်စုံတယ်ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နည်းဥပဒေနဲ့အညီ ပါတီအဖြစ် လျှောက်ထားချက်ကို လက်ခံမှာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ဆိုပါတယ်။