တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘုတ်နဲ့ ရိုဟင်ဂျာ ပဋိပက္ခ

A Rohingya ethnic minority man looking at Facebook on his cell phone ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပြည်မှာ လူသုံးအများဆုံး လူမှုဝက်ဆိုက် ဖေ့စ်ဘုတ်

မြန်မာပြည်က ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ထင်ရှားတဲ့တပ်မတော် ခေါင်းဆောင် တချို့ရဲ့ ဖေ့စ်ဘုတ်တွေ သုံးလို့ မရတော့ပါဘူး။

ရိုဟင်ဂျာနဲ့ တခြား လူနည်းစု တွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တပ်မတော် ခေါင်းဆောင်တွေကို စစ်ဆေး အရေးယူဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ဖေ့စ်ဘုတ်က သူတို့ရဲ့ စာမျက်နှာတွေကို ဖယ်ရှားလိုက်တာပါ။

ဒါဟာ ကမ္ဘာပေါ်မှာ တပ် ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တယောက်ရဲ့ စာမျက်နှာကို ဖေ့စ်ဘုတ်က ပထမဆုံး အကြိမ် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်က မြန်မာနဲ့ ပတ်သက်ပြီး ပိတ်သိမ်းလိုက်တဲ့ စာမျက်နှာ ၅၂ ခုနဲ့ အကောင့် ၁၈ ခု ရှိပါတယ်။ ဒီထဲမှာ အင်စတာဂရမ် ခေါ် ပုံတင်တဲ့ အကောင့် တခုပါပါတယ်။

ဒီစာမျက်နှာတွေကို လိုက်လံ ဖတ်ရှုနေသူ ၁၂ သန်းလောက် ရှိတယ် လို့လည်း သိရပါတယ်။

မြန်မာ နိုင်ငံမှာ လူသုံးအများဆုံး လူမှု ဝက်ဆိုက် ဖြစ်တဲ့ ဖေ့စ်ဘုတ်ကို သုံးစွဲသူ ၁၈ သန်းကျော် ရှိပါတယ်။

မြန်မာပြည်က အင်တာနက် သုံးစွဲသူ အများစု အတွက် ဖေ့စ်ဘုတ်သည်သာ အင်တာနက် လုံးလုံး ဖြစ်နေပြီး ဒီနေရာကနေ အမုန်းစကားတွေ ဖြန့်ဖို့ အကောင်းဆုံး မီဒီယာ ဖြစ်နေတယ် လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အပြင်းထန်ဆုံး ကုလ အစီရင်ခံစာ

ကုလသမဂ္ဂရဲ့ ဒီတခါ အစီရင်ခံစာမှာ စစ်တပ်ရဲ့ ရိုဟင်ဂျာ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချတဲ့ စာသားတွေ ပါပါတယ်။

မနှစ်က အာဆာ အဖွဲ့ တိုက်ခိုက်မှု အပြီး အစိုးရတပ်ရဲ့ နှိမ်နင်းမှုကြောင့် လူထောင်ချီ သေဆုံးပြီး ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင် ၆ ယောက်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စုံစမ်းသင့်တယ်၊ ဒီကိစ္စကို နိုင်ငံတကာ ခုံရုံးတင်ပြသင့်တယ် ဆိုပြီး ဒီအစီရင်ခံစာက ဖော်ပြပါတယ်။

ဒီ နောက်ဆုံးတိုက်ခိုက်မှုတွေ မဖြစ်ခင် ကတည်းက စုံစမ်းရေးတွေ စနေတာ ဖြစ်ပြီး ရိုဟင်ဂျာတွေ ဆယ်စုနှစ်တွေနဲ့ချီပြီး ဒုက္ခရောက်နေခဲ့ကြတာ လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာကို ဘာကြောင့်မုန်း

ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ်က တရားမဝင် ဝင်လာတဲ့ သူတွေ ဆိုပြီး နိုင်ငံသား ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒုက္ခသည် စခန်းရောက် ရိုဟင်ဂျာကလေးငယ်

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုက မြန်မာပြည်မှာ အငြင်းပွားစရာ ဖြစ်လို့ လူအများအပြားက သုံးဖို့ လက်ရှောင်ပြီး ဘင်္ဂါလီလို့ပဲ ခေါ်ကြပါတယ်။

ဒီလို ခေါ်လိုက်တဲ့အတွက် သူတို့ကို ဘင်္ဂလားဒေ့ရှ်က လာတဲ့သူတွေ ဆိုတဲ့ အမြင်ကို ပိုကြီးလာစေပါတယ်။

အစိုးရနဲ့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်ကြောင့် ရိုဟင်ဂျာတွေကို မွေးစကနေ သေတဲ့အထိ ဆိုးရွားတဲ့ စနစ်တကျ ဖိနှိပ်မှုတွေ ကြုံနေရတယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ပါရှိပါတယ်။

အစိုးရ သတင်းစာ ကိုယ်တိုင်နှိုက်က သူတို့ကို အလှေးအမွှားတွေလို့ သုံးနှုန်း ခေါ်ဆိုပါတယ်။

ရိုဟင်ဂျာ တွေကြောင့် မြန်မာပြည် မွတ်ဆလင် တိုင်းပြည် ဖြစ်သွားလိမ့်မယ် ဆိုတဲ့ ကြောက်ရွံ့မှုကိုလည်း ဗုဒ္ဓဘာသာ မျိုးချစ် အုပ်စုတွေက သွတ်သွင်းနေကြတာပါ။

အင်တာနက်မှာ ရိုဟင်ဂျာအကြောင်း ဘာတွေပြော

မနှစ်က ဖေ့စ်ဘုတ်မှာ ရိုဟင်ဂျာနဲ့ မွတ်ဆလင် တွေကို တိုက်ခိုက်တဲ့ ပို့စ်၊ မှတ်ချက်နဲ့ ရုပ်ပုံ တထောင်ကျော် တွေ့ရတယ်လို့ ရိုက်တာ သတင်းတပုဒ်က ဖော်ပြပါတယ်။

ဒီမှတ်ချက်တွေမှာ ရိုဟင်ဂျာတွေကို ခွေးတွေ၊ လောက်တွေ၊ မုဒိမ်းသမားတွေလို့ ရေးသလို ဝက်စာ ကျွေးရမယ်လို့ ရေးတာတွေ ရှိတယ် လို့လည်း ဆိုပါတယ်။

တချို့ကတော့ အစ္စလာမ် ဘာသာကို တိုက်ရိုက် တိုက်ခိုက် ရှုတ်ချပြီး မွတ်ဆလင် အားလုံးကို မျိုးဖြုတ်ပစ်ဖို့ တောင်းဆိုတဲ့ မြန်မာ ဖေ့စ်ဘုတ် စာမျက်နှာကို ရှိတယ်လို့ သိရပါတယ်။

ဘီဘီစီ ဖေ့စ်ဘုတ်တွေမှာ တင်တဲ့ ရိုဟင်ဂျာ အကြောင်း ပို့စ်တွေမှာလည်း အလားတူ တိုက်ခိုက်မှုတွေ တွေ့ရပါတယ်။

ကုလသမဂ္ဂရဲ့ နောက်ဆုံး အစီရင်ခံစာအကြောင်း သတင်းအောက်မှာ ရိုဟင်ဂျာတွေကို ပြစ်တင် ရှုတ်ချတဲ့ မှတ်ချက်တွေ အများကြီး ဝင်ရေးကြပါတယ်။

ရိုဟင်ဂျာဆိုတာ ဘင်္ဂါလီပဲ၊ ကျူးကျော်သူတွေလို့ ရေးသူ ရှိသလို ဘင်္ဂါလီစာစား၊ ဘင်္ဂါလီ စကားပြောပြီး ဘင်္ဂါလီလို ဝတ်တဲ့သူတွေ၊ နောက်ဆုံး တယောက်မှ မကျန်အောင် ဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ပစ်သင့်တယ်လို့ ရေးတာကိုလည်း တွေ့ရပါတယ်။

ကာချုပ် ဘာတွေ လုပ်ခဲ့သလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာပြည်မှာ သြဇာကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဖေ့စ်ဘုတ် စာမျက်နှာ နှစ်ခု ရှိပါတယ်။

တခုမှာ စောင့်ကြည့်အားပေးနေသူ ၁ သန်း ၃ သိန်းကျော် ရှိပြီး နောက်တခုမှာက ၃ သန်းနီးပါး လောက် ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် သူ့ရဲ့ အင်တာနက် သြဇာက တော်တော်ကြီးတယ် ဆိုနိုင်ပါတယ်။

ဖေ့စ်ဘုတ် ပို့စ်တခုမှာ သူက ရိုဟင်ဂျာတွေကို ဘင်္ဂါလီ လို့ သုံးနှုန်း ခေါ်ဆိုခဲ့ပါတယ်။ ရိုဟင်ဂျာ ဆိုတာ လုပ်ကြံ ဖန်တီးထားတဲ့ စကားလုံး လို့လည်း သူက ဆိုပါတယ်။

သူ့စာမျက်နှာရော တခြား အပိတ်ခံရတဲ့ သူတွေရဲ့ စာမျက်နှာ တွေကပါ လူမျိုးရေး ဘာသာရေး တင်းမာမှုတွေကို လှုံ့ဆော်ခဲ့တယ် လို့လည်း ဖေ့စ်ဘုတ်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Facebook
Image caption ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘုတ်

အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးကတော့ ဒီလို အကောင့် ပိတ်တာတွေနဲ့ ပတ်သက်ပြီး သူတို့ အစိုးရကို ဘာမှ မတိုင်ပင်ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အကောင့်တွေ ပြန်ရအောင် ဖေ့စ်ဘုတ်နဲ့ ဆွေးနွေးနေတယ် လို့လည်း သူက ဆိုပါတယ်။

ဖေ့စ်ဘုတ် ဘာတွေ လုပ်သလဲ

အခုထိတော့ ဘာမှ မလုပ်သေးပါဘူး။

နောက် ဒီပြဿနာကလည်း အသစ် မဟုတ်ပါဘူး။ ၂ဝ၁၄ ကတည်းက မြန်မာပြည်မှာ အမုန်းတရားတွေ ဖြန့်ဖြူးနေတာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ရဲ့ အခန်းကဏ္ဍကို သတိပေးသူတွေ ရှိခဲ့ပါတယ်။

မတ်လ တုန်းကလည်း မြန်မာပြည်မှာ ဖေ့စ်ဘုတ်က သူရဲသဘက် ဖြစ်နေပြီလို့ ကုလသမဂ္ဂ အရာရှိတယောက်က ပြောဆိုခဲ့ပါတယ်။

အမုန်းတရားကို နှိမ်နင်းရာမှာ ဖေ့စ်ဘုတ်က နှေးကွေးပြီး အစွမ်းမရှိ ဖြစ်နေတယ် လို့လည်း အဲဒီအစီရင်ခံစာက ဖော်ပြပါတယ်။

ဖေ့စ်ဘုတ် ပို့စ်တွေ သတင်းစကားတွေကြောင့် အပြင်မှာ ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဘယ်လောက် ရှိတယ် ဆိုတာ သေချာ လွတ်လပ်စွာ စုံစမ်းရမယ် လို့လည်း ဆိုပါတယ်။

အရေးယူဖို့ နှေးကွေးတဲ့အကြောင်းကိုတော့ ဖေ့စ်ဘုတ်က သဘောတူပါတယ်။ ဒါပေမဲ့ အမုန်းစကားကို သတ်မှတ်တဲ့ နည်းပညာ အဆင့်မြှင့်ဖို့၊ သတင်းပို့ တိုင်ကြားတဲ့ နည်းပညာ တိုးတက်ဖို့နဲ့ ကြည့်ရှု စစ်ဆေးမယ့် လူပုဂ္ဂိုလ်တွေ ပိုခန့်ထားဖို့ လုပ်နေတယ် လို့လည်း ဆိုပါတယ်။

ဖေ့စ်ဘုတ်ကို ဗဟုသုတ ဟင်းလေးအိုးကြီးလို မှီခို အားထားသူ အရေအတွက်ဟာ တခြား နိုင်ငံ အားလုံးထက် မြန်မာပြည်မှာ ပိုများတယ်လို့လည်း ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။