ဆွာချောင်းတမံ ရေပိုလွှဲ ပြိုကျလို့ လူတွေဘေးလွတ်ရာထွက်ပြေးရ

ဓာတ်ပုံ မူပိုင် THEINDAN
Image caption ရွာတွေထဲ အရှိန်နဲ့ရေတွေစီးလာလို့ ဘေးလွတ်ရာတိမ်းရှောင်နေတဲ့ဒေသခံတွေ

သြဂုတ် ၂၉ ရက် မနက်အစောပိုင်းက ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းမှာရှိတဲ့ ဆွာချောင်းရေလှောင်တမံရဲ့ ရေပိုလွှဲနံရံတခု ထိခိုက်ပျက်စီးပြီး အနီးဝန်းကျင်က ကျေးရွာတွေထဲကို ရေတွေ အရှိန်နဲ့ စီးဝင်ကုန်တာကြောင့် ရွာ ၅ ရွာခန့်က ရွာသူရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သာဂရမြို့ခံတွေထံကနေ သိရပါတယ်။

ကျွန်းတောစု ၊ သိုင်းဝ၊ ဥယျဉ်မှူးနဲ့ ဆွာချောင်းတလျှောက်မှာ ရှိတဲ့ကျေးရွာအတော်များများကို ရေတွေဝင်လာလို့ ရေလွတ်ရာ သာဂရမြို့ပေါ်ဘက်ကို ပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။

' ' ရေတွေစီးလာလို့ ရွာတွေ ဘေးလွတ်ရာပြောင်းဖို့ လိုက်ကူညီပေးခဲ့တာပါ။ အမြန်လမ်းအနီးက သိုင်းဝနဲ့ ဥယျာဉ်မှူးရွာကိုတော့ ကူပြီး ပြောင်းရွှေ့ပေးထားပြီးပြီ။ ချောင်းရေက တောက်လျှောက်တိုးနေတာ။ အခု ချိန်ထိ တော့ အမြန်လမ်းက ဆွာချောင်းတံတားလည်း တံတားဘောင်ကို ရေတိုက်နေလို့ တံတားဘောင် တဖက်လည်း နိမ့်သွားတယ်။ လောလောဆယ်တော့ ကားဖြတ်ခွင့်မပေးဘဲ ပိတ်ထားတယ်။ လမ်းဟောင်း ဘက်ကနေသွားခိုင်းနေတယ်'' လို့ ရေကြီးနေတဲ့ အခြေအနေအပေါ် မနက် ၉ နာရီဝန်းကျင်က သိုင်း၀မီးသတ်စခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ခံကိုဘိုကဲက ပြောပြခဲ့တာပါ။

Image caption ရေတိုက်စားမှုကြောင့် တံတားဘောင်တဖက်နိမ့်ကျသွားတဲ့ဆွာချောင်းတံတား

မနက် ၈နာရီကျော်ကနေ နေ့လယ် ၁၁ နာရီကျော်အထိ အမြန်လမ်း မိုင်တိုင် ၁၆၆ က ဆွာချောင်းတံတားကိုလည်း ခေတ္တပိတ်ထားပြီး ကားတွေကို လမ်းလွှဲကနေ မောင်းနှင်ခိုင်းခဲ့ပေမယ့် နေ့လယ် ၁၁ နာရီခွဲကျော်ကျော်မှာတော့ ကားလေးတွေကို ပြန်ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၉ ရက် မနက်အစောပိုင်းကတည်းက ရေတွေ ရုတ်တရက်စီးလာပေမယ့် ဆွာချောင်း ရေလှောင် တမံရဲ့ ရေပိုလွှဲနံရံပြိုကျတာကြောင့်ဆိုတာကို သက်ဆိုင်ရာကထုတ်ပြန်တာမျိုးတွေ မရှိခဲ့လို့ မသိကြဘဲ ရွာတွေထဲ အထိ ရေတွေ ဝင်လာမှ ရုတ်တရက် ပြောင်းရွှေ့ကြရတာလို့ ဆွာမြို့ခံအချို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။

' ' လက်ရှိတော့ ပြည်ထောင်စုအဆင့်က ဒုသမ္မတ ၂ နဲ့ ကျွန်တော်တို့ ဝန်ကြီး အဲဒီကိုသွားပြီး ပြည်သူတွေနဲ့ တွေ့နေပါပြီ။ ကန်ထဲမှာ ပြီးခဲ့တဲ့ ၂ရက်လောက်က မိုးများလို့ ရေပိုလွှဲ အထက် ၁ ပေကျော်လောက် ရေကျော်နေတာ။ အဲဒါက စီးထွက်နေရင်းက ဒီကနေ့ မနက်မှာ ရေပိုလွှဲရဲ့ တဖက်က ပဲ့သွားတာ။ ပဲ့သွားတော့ သူ့ရဲ့ ရေအမြင့်က ပိုလာပြီး စီးထွက်သွားတဲ့သဘော။ ရေက တော်တော်များများ စီးထွက်သွားပြီး ၈ ပေလောက်တော့ လျော့သွားတော့ ထပ်တော့ အများကြီး စီးတော့မှာ မဟုတ်ဘူး။ အခုဖြစ်တာက ကုန်းကြော တမံဘက်မှာ ရှိတဲ့ဟာ ပင်မတမံနဲ့ နည်းနည်းဝေးပါတယ်။ ပင်မတမံကတော့ ကြံ့ခိုင်ပါတယ်။ ရေရပ်သွား တဲ့အချိန်မှာ လုပ်စရာရှိတာလုပ်ဖို့ ယန္တရားတွေလည်း ပို့ထားပြီးပြီ။မကြာခင် ရေစီးတာလည်း ရပ်သွားမှာ ပါ'' လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကပြော ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆွာချောင်း ရေလှောင်တမံ ကြံ့ခိုင်မှုအပေါ် အခြေအနေစိုးရိမ်စရာမရှိဘူးလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပြီးနောက် သြဂုတ် ၂၉ ရက် မနက်ပိုင်းမှာ ရေပိုလွှဲတခု ထိခိုက်ပျက်စီးပြီး ဆည်အနီးက ရွာတွေမှာ ရေကြီးခဲ့တာဖြစ်ပါတယ်။