ဆွာချောင်းရေပိုလွှဲဆည် ပြိုကျမှုကြောင့် ရေဘေးသင့်သူ သောင်းကျော်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွာကနေ ရေဘေးလွတ်ရာကို တိမ်းရှောင်နေသူများ။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို ့နယ်ထဲက ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ဆည် အတွင်းနံရံ ပြိုကျသွားတဲ့ အခြေအနေက စိုးရိမ်စရာ မလိုတော့ပေမယ့် ရေဘေးသင့်သူ သောင်းချီရှိနေတယ်လို့ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။

သြဂုတ် ၂၉ ရက်မနက်အစောပိုင်းက ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲဆည် အတွင်းနံရံ ပြိုကျသွားလို့ ဒေသခံ တော်တော် များများ ရေဘေးသင့်ခဲ့ပြီး လယ် စိုက်ခင်းတွေ ရေမြုပ်ခဲ့သလို ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင် ၁၆၅ မိုင်အနီးမှာ ရှိတဲ့ ဆွာချောင်း တံတားလည်း နိမ့်ကျသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွာချောင်း တံတား နိမ့်ကျ

ဆည်ကရေတွေက စစ်တောင်းမြစ်ထဲ စီးဆင်းခဲ့ပြီး ရေတာရှည်မြို့နယ် စစ်တောင်း မြစ်ကမ်းပါးမှာ ရှိတဲ့ ရွာ ၇၀ လောက် သြဂုတ် ၂၉ ရက် နေ့လည်ပိုင်း ကနေစ ရေမြုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လူ ၅ ယောက်ထက် မနည်း သေဆုံးခဲ့သလို ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပြီး ရေဘေးသင့်တဲ့သူ တချို့က ကယ်ဆယ်ရေး စခန်းကို လာရောက် ခိုလှုံနေသလို တချို့က နီးစပ်ရာ အိမ်တွေမှာ နေထိုင်နေတယ်လို့ ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ မြို့တွေမှာ ခိုလှုံနေတဲ့သူတွေ စုစုပေါင်း ၃ သောင်း နီးပါး ရှိနေသလို တောင်ငူမြို့မှာလည်း သွားရောက် ခိုလှုံနေတဲ့သူတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

သာဂရမြို့ကအမျိုးအဆွေအိမ်မှာ မိသားစုနဲ့အတူ လာရောက် ခိုလှုံနေတဲ့ ဆွာမြို့ခံ ဦးမောင်မောင်စိုးက ရေက အလုံးအရင်းနဲ့ ဝင်လာလို့ ကားနဲ့ ရွှေ့ပြောင်းခဲ့ရတာလို့ သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဆွာမြို့က ရပ်ကွက် ၂ နဲ့ ကွက်သစ်တွေ ရေမြုပ်ခဲ့ပြီး ဆွာက ရေဘေးသင့်တဲ့သူ ထောင်ကျော်က သာဂရမြို့က ဘုန်းကြီးကျောင်းနဲ့ အမျိုးအဆွေအိမ်တွေမှာ ခိုလှုံလာတာလို့ သူက ပြောပါတယ်။

ရေဘေးသင့်တဲ့သူတွေကို လူမှုရေး အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ ကျွေးမွေးတာတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ရေပြန်ကျ သွားနိုင်တယ် ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။