တောင်ငူမြို့မှာ ရေကြီးလို့ ဒုက္ခသည် သောင်းချီရှိ

ရေဝင်နစ်မြှုပ်နေတဲ့ တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်တချို့ ဓာတ်ပုံ မူပိုင် သန်းညွှန့်
Image caption ရေဝင်နစ်မြှုပ်နေတဲ့ တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်တချို့

စစ်တောင်းမြစ်ရေနဲ့ ဆွာချောင်း ရေလှောင်တမံကရေတွေကြောင့် တောင်ငူမြို့ အနိမ့်ပိုင်းကျေးရွာနဲ့ ရပ်ကွက်တွေမှာ သြဂုတ်လ ၂၉ ရက် ညပိုင်းက စပြီး ရေဝင်နစ်မြုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးနစ်မြုပ်လို့ တောင်ငူမြို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာရှိတဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း ၂၆ ကျောင်းကိုလည်း သြဂုတ်လ ၃၀ ရက်က စတင်ပြီး ယာယီပိတ်ထားရတယ်လို့ တောင်ငူမြို့ခံ လူမှုရေးအဖွဲ့ဝင် ဦးသိန်းလွင်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ရေဘေးကယ်ဆယ်ရေးစခန်း ၂၃ ခု ဖွင့်ထားရပြီး အိမ်ထောင်စု ၃၇၃၁ က လူဦးရေ ၁၅၁၇၆ ဦးက လာရောက်ခိုလှုံနေကြတယ်လို့ ဦးသိန်းလွင်ဦးက ဆိုပါတယ်။

ရေတွေဟာ သြဂုတ်လ ၂၉ ရက် ည ၈ နာရီလောက်ကတည်းက တိုးဝင်လာလို့ တောင်ငူမြို့ ၉ ရပ်ကွက်က ကြက်လျှာစွန်းအနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ မြို့ခံတွေဟာ တောင်ငူမြို့ ပေါ်တော်မူဘုရားဝင်းက ရေဘေးရှောင်စခန်းနဲ့ မြို့ပေါ်က ရေဘေးရှောင်စခန်း တစ်ချို့မှာ သွားရောက် ခိုလှုံနေရတယ်လို့ မြို့ခံဦးသန်းညွှန့်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် သန်းညွှန့်
Image caption ရေဝင်နစ်မြုပ်နေတဲ့ တောင်ငူအနိမ့်ပိုင်း ရပ်ကွက်တချို့

တောင်ငူမြို့ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၀ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက် အပါအဝင် သဖန်းပင်ကျေးရွာ၊ ဆင်ရွာနဲ့ ရွာတန်းရှည် အပါအဝင် ကျေးရွာ ၁၅ ရွာ နီးပါး ရေဝင်နစ်မြုပ်လို့ နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ယာယီ ခိုလှုံနေကြရတယ်လို့လည်း ရေဘေးသင့် ဒေသခံတွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့တွေက ပြောပါတယ်။

စစ်တောင်းမြစ်ရေဟာလည်း သြဂုတ်လ ၃၀ ရက် မနက် ၁၀ နာရီမှာ တိုင်းတာချက်အရ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၆၀၀ စင်တီမီတာကို ကျော်လွန်ပြီး ၆၆၃ စင်တီမီတာကို ရောက်ရှိနေလို့ ၂၄ နာရီ အတွင်း သတိထားနေထိုင်ကြဖို့ သတိပေးထားတယ်လို့ တောင်ငူမြို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

စစ်တောင်းမြစ်ရေဟာ သြဂုတ်လ ၂၉ ရက် တိုင်းတာချက်အရ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၆၀၀ စင်တီမီတာကို မရောက်ရှိသေးပေမယ့် ဆွာချောင်း ရေလှောင်တမံက ဆင်းလာတဲ့ ရေတွေကြောင့် စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာ တောင်ငူခရိုင်ဝန်းကျင်မှာ မိုးသည်းထန်ရွာသွန်းမှု မရှိပေမယ့် မိုးလေဝသခန့်မှန်းချက်အရ သြဂုတ်လ ၃၁ ရက်မှာ တောင်တရုတ်ပင်လယ်ကနေ လွင့်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ပဲခူးတိုင်းအတွင်း မိုးရွာနိုင်လို့ မြစ်ရေကျဆင်းဖို့မှာ ပိုကြန့်ကြာမယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့လည်း ဦးမျိုးမြင့်အောင်က ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် မနက်ပိုင်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးခဲ့လို့ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ရေတာရှည်နဲ့ ဆွာမြို့အနီးဝန်းကျင် ကျေးရွာ အုပ်စု ၁၇ စု၊ ကျေးရွာပေါင်း ၈၅ ရွာ၊ အိမ်ထောင်စု ၁၄၃၅၇ စု၊ လူဦးရေ ၆၄၃၁၂ ဦးဟာ ဘေးလွတ်ရာ တောင်ငူမြို့ပေါ်နဲ့ ရေတာရှည်မြို့က ရေဘေးရှောင် စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ