လူမပါတဲ့ နိုင်ငံခြားကုန်တင်သင်္ဘောကြီးတစီး မြန်မာ့ရေပိုင်နက်ထဲရောက်လာ

ဓာတ်ပုံ မူပိုင် Kyaw ZIn Hein Facebook
Image caption လူမပါတဲ့ နိုင်ငံခြား ကုန်တင်သင်္ဘောကြီး တစီး မြန်မာ့ ရေပိုင်နက်ထဲ မျောလာ

သုံးခွမြို့နယ် နဲ့ ရေမိုင် ၇ မိုင် အကွာ မြန်မာ့ပင်လယ်ပြင်မှာ ကုန်တင်သင်္ဘောကြီး တစီး မျောပါရောက်လာပြီး သောင်တင်နေကြောင်း သြဂုတ်လ ၂၉ ရက်နေ့ ညက သတင်းရတဲ့အတွက် သြဂုတ်လ ၃၀ ရက်နေ့ မနက် အစောပိုင်းမှာ မြန်မာ့ ရေတပ်နဲ့ ရဲတပ်ဖွဲ့ က အရာရှိတွေ အပါအဝင် အစိုးရ ပိုင်းက သွားရောက် စုံစမ်းခဲ့ကာ သင်္ဘောကြီး ရှိနေတာကို အတည်ပြုခဲ့ကြပါတယ်။

အင်ဒိုနီးရှား အလံလွှင့်တင်ထားပြီး တန်ချိန် ၂၆၅၁၀ ခန့်ရှိတဲ့ အဲဒီ သင်္ဘောကြီးမှာ လူတွေလည်း တယောက်မှ မရှိသလို၊ ကုန်တွေလည်း တခုမှ မပါပါဘူး။

သင်္ဘောကြီးရဲ့ အမည် က SAM RATULANGI PB 1600 ဖြစ်ပြီး ၂၀၀၁ က တည်ဆောက်ခဲ့တဲ့ ကုန်တင်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။

သောင်တင်နေတဲ့ သင်္ဘောကြီးဟာ ခါးကျိုးနေတာကို လည်း သွားရောက် ကြည့်ရှုတဲ့သူတွေ က သတိထားမိကြပါတယ်။

ဓာတ်ပုံ မူပိုင် Yangon Police Facebook
Image caption တန်ချိန် ၂ သောင်း ၆ ထောင် ကျော် ရှိတဲ့ ကုန်တင် သင်္ဘော အဟောင်းကြီးဖြစ်

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က သြဂုတ်လ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုအရ ဒီ သင်္ဘောကြီးဟာ ရန်ကုန်မြစ် အရှေ့ဘက် မိုင် ၃၀ အကွာ မှာ ရှိနေပြီး သြဂုတ်လ ၂၇ ရက် ညပိုင်း ရာသီဥတု ဆိုးဝါးချိန်မှာ သောင်တင်ခဲ့တာ လို့ သိရပါတယ်။

သူတို့က ဒီ သင်္ဘောကို တခြားသင်္ဘောတစီးနဲ့ ဆွဲယူလာခဲ့ပုံရပြီး မျောပါလာရင်း သောင်တင်တာလား၊ ရည်ရွယ်ချက်နဲ့ မျှောယူ စွန့်ပစ်ခဲ့တာလား ဆိုတာ ကို စဉ်းစား သုံးသပ်နေပါတယ်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က သင်္ဘောဆိုင်ရာ အချက်အလက် တွေကို အတည်ပြုပြီးရင် သင်္ဘောမှတ်ပုံတင် နိုင်ငံရဲ့ ရေကြောင်းအာဏာပိုင်နဲ့ သင်္ဘောပိုင်ရှင် တို့ကို သတင်းပေးပို့ အကြောင်းကြားမယ် လို့ ဆိုပါတယ်။

သင်္ဘောသောင်တင်နေတဲ့နေရာမှာ အန္တရာယ်ရှိကြောင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်မယ့်အကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က ပြောသလို ရေထုညစ်ညမ်းမှု ရှိမရှိလည်း စစ်ဆေးသွားမှာဖြစ်ပါတယ်။