စက်တင်ဘာ ၂ ရက် ညနေပိုင်း ဖတ်သင့်တဲ့ သတင်းများ

သြဂုတ်လအတွင်းကတွေ့ရတဲ့ ဘားအံမြို့အဝင် ရေကြီးနေမှုမြင်ကွင်း ဓာတ်ပုံ မူပိုင် မိုးမြင့်ထက်
Image caption သြဂုတ်လအတွင်းကတွေ့ရတဲ့ ဘားအံမြို့အဝင် ရေကြီးနေမှုမြင်ကွင်း

၁။ သံလွင်မြစ်ရေ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနေ

စက်တင်ဘာ ၂ ရက် နံနက်ပိုင်း တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ပြီး ၈၇၉ စင်တီမီတာထိ ရောက်လာလို့ အနိမ့်ပိုင်းနေရာတွေမှာ ရေတွေပြန်ဝင်လာတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိလည်း ဘားအံမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၃ ခု ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်မှာ နေထိုင်ကြသူတွေက ခိုလှုံနေထိုင်ကြတယ်လို့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘားအံမြို့ခံ လူမှုကူညီရေး လုပ်ဆောင်နေတဲ့ ဦးအောင်မိုးက ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေဟာ နေအိမ်တွေဆီကို မပြန်နိုင်တာ ၁ လကျော်ကြာ ရှိနေပြီး၊ ရေဘေး ရက်ကြာရှည် လာတာနဲ့အမျှ သူတို့တွေ စားသောက်ဖို့အတွက် အလှုရှင်တွေ အကူအညီပေးတာ နည်းပါးလာပေမယ့် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံပေးနေတယ်လို့ ဦးအောင်မိုးက ပြောပါတယ်။

၂။ ဖာပွန်ခရိုင် စစ်ရှောင်ရွာသားတွေ နေရပ်ပြန်ဖို့ ကြန့်ကြာဦးမယ်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြိုင်ကြီးငူဒေသ

ဖာပွန်ခရိုင်၊ လှိုင်းဘွဲ့မြို့နယ် ကာညီနောင်ကျေးရွာအနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူကို လာရောက်ခိုလှုံနေကြတဲ့ ဒေသခံရွာသားတွေဟာ နေရပ်ပြန်ဖို့ ကြန့်ကြာဦးမယ်လို့ မြိုင်ကြီးငူ ဒုက္ခသည်စခန်း တာဝန်ခံ ဦးစောထွန်းက ပြောပါတယ်။

ကာညီနောင်ကျေးရွာကနေ ထွက်ပြေးလာကြတဲ့ ကျေးရွာသား ၂၅၆ ဦးဟာ မြိုင်ကြီးငူမှာ လာရောက်ခိုလှုံနေကြပြီး သူတို့တွေ လတ်တလော စားသောက်အဆင်ပြေဖို့ ဒီကနေ့မှာပဲ လှိုင်းဘွဲ့မြို့နယ် ဗျူဟာမှုးနဲ့ အထွေထွေအုပ်ချုပ်ရေးမှုးက ဆန်အိတ်နဲ့ ရိက္ခာတွေ လာရောက်ထောက်ပံသွားတယ်လို့ ဦးစောထွန်းက ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ် ဗျူဟာမှုးရဲ့ ပြောဆိုမှုအရ စစ်ရှောင်ထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သတ်ပြီး နှစ်ဘက်တပ်ဖွဲ့အကြား စည်းဝေးတွေ့ဆုံပြီးမှ ဆုံးဖြတ်ပေးနိုင်မယ်လို့ ပြောဆိုသွားကြောင်း ဦးစောထွန်းက ပြောပါတယ်။

၃။ ဆင်းရဲနွမ်းပါးသူတွေကို ဥပဒေဆိုင်ရာ၊ တရားရေးကိစ္စများ အခမဲ့ကူညီပေးမယ့် တရားမျှတမှုစင်တာ

ပြစ်မှုနဲ့ ပတ်သတ်ပြီး စွပ်စွဲခံရတဲ့ ဆင်းရဲနွမ်းပါးသူ တရားခံတွေကို ဥပဒေဆိုင်ရာ တရားရေးကိစ္စရပ်တွေမှာ အခမဲ့ ကူညီဆောင်ရွက်ပေးဖို့ တရားမျှတမှုစင်တာ (Justice Centre) ကို နေပြည်တော်မှာ စက်တင်ဘာ ၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

အမှန်တကယ် ဆင်းရဲနွမ်းပါးသူဖြစ်ပြီး တစ်လ ဝင်ငွေ ၁ သိန်း ၂ သောင်းအောက်သာ ရရှိပြီး ကိုယ်ပိုင်ရှေ့နေငှားရမ်းဖို့ ငွေကြေးမတတ်နိုင်သူတွေမှာ ပြစ်မှုနဲ့ ပတ်သတ်ပြီး စွပ်စွဲခံရရင် အမှုကို အစအဆုံးအထိ အခမဲ့ ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ တရားမျှတမှု စင်တာရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက ပြောပါတယ်။

အခမဲ့ ကူညီဆောင်ရွက်ပေးမှာ လယ်ယာမြေ အငြင်းပွားမှုတွေ မပါဝင်ပေမယ့် အဲဒီအမှုတွေနဲ့ ပတ်သတ်ပြီး စင်တာကို အကူညီတောင်းခံလာရင်တော့ လိုက်ပါကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ဆက်သွယ် ကူညီပေးမယ်လို့ ဒေါ်ဝင့်ဝင့်အေးက ဆိုပါတယ်။

တရားမျှတမှု စင်တာကို ဥရောပသမဂ္ဂ အကူအညီနဲ့ International Bridges To Justice( IBJ) က တာဝန်ယူပေးတာဖြစ်ပြီး နေပြည်တော်အပြင် မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံ ၊ ကလော မှာလည်း ဖွင့်လှစ်ထားတယ်လို့ ဒေါ်ဝင့်ဝင့်အေးက ပြောပါတယ်။

၄။ ဆိုမားလီးယားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်

ဓာတ်ပုံ မူပိုင် AH BALIIL
Image caption ဆိုမားလီးယားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်

ဆိုမားလီးယားနိုင်ငံ မြို့တော် Mogadishu မြို့ အစိုးရရုံးအနီးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ စာသင်ကျောင်းပါ ပြိုခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရှိသူ ၁၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေး ၆ ဦးပါဝင်တယ်လို့ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာရှိနေတဲ့ ဗလီနဲ့ နေအိမ်အချို့လည်း ပျက်စီးခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ ကားဗုံးပေါက်ကွဲမှုလို့ သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ