'အိမ်ကို မိသားစု အတူတူပြန်ရမယ်' ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးရဲ့ ဇနီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုကျော်စိုးဦးနဲ့သမီး

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ ၂ ဦးကို စက်တင်ဘာ ၃ ရက်နေ့ စီရင်ချက် ချမှတ်ဖို့ တရားရုံးက ချိန်းဆိုထားပါတယ်။

အမှုရင်ဆိုင်နေရတဲ့ ကိုကျော်စိုးဦးမှာ အရွယ် မရောက်သေးတဲ့ သမီးလေး တယောက်ရှိပြီး တခါတရံ ကိုကျော်စိုးဦးရဲ့ ရုံးချိန်းမှာ သူ့ကို တွေ့ရလေ့ရှိပါတယ်။

အဖမ်းခံရနေရတဲ့ ကိုကျော်စိုးဦးရဲ့ ရင်ခွင်ထဲမှာ တွေ့ရတတ်တဲ့ သူတို့ ၂ ဦးရဲ့ ပုံရိပ်ဟာ မြင်တွေရတဲ့သူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေပါတယ်။

ကိုကျော်စိုးဦး အဖမ်းခံရပြီးတဲ့နောက် သူရဲ့ သမီးလေးနဲ့ ဇနီးတို့ ဘယ်လို ရုန်းကန်ရသလဲ၊ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ကိုကျော်စိုးဦးရဲ့ ဇနီး မချစ်စုဝင်းကို မေးကြည့်ထားပါတယ်။

မေး- ကိုကျော်စိုးဦး အဖမ်းခံရပြီးတဲ့နောက် ဘယ်လို ရုန်းကန်ခဲ့ရပါလဲ။

ဖြေ- ယောက်ျား မရှိတာနဲ့ ရှိတာ ကွာခြားတာပေါ့။ ယောက်ျား အလုပ်ကိုလည်း ကိုယ်လုပ်နေရတယ်။ အဖေဆိုလည်း ကိုယ် အမေဆိုလည်းကိုယ် ဖြစ်နေတာပေါ့။ နေမကောင်းတဲ့အချိန်ဆိုရင် သူမရှိရင် ဝမ်းနည်းတာပေါ့။ ကိုယ်က ယောက်ျားကို မှီခိုနေ ရတော့ ပိုပြီးတော့ခံစားရတယ်။ သူမရှိရင် ဘာလုပ်စားမှာလဲ အဲဒါလေးတွေ တွေးမိတယ်။ သမီးလေးကို ဘယ်လို ကျောင်းထား မှာတုန်း၊ ပညာရေးကို ဘယ်လို ရှေ့ဆက်မှာတုန်း အများကြီးတွေးခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ် သူကတော့ သူ့သမီးလေးကို သူ့အဖေ အတွက် ဂုဏ်ယူတတ်အောင် အမြဲတမ်းမှာတယ်။

ဓာတ်ပုံ မူပိုင် Reuters

မေး- သမီးကရော အဖေကို မေးတာရှိလား။

ဖြေ- သိတယ်။ သူက လူကြီးတယောက်လို ဖြစ်နေပြီ။ ရုံးချိန်းမတိုင်မီမှာ သူ့အဖေက မငိုရဘူး၊ မငိုရဘူးပြောတာကို သူက အံကြိတ်ပြီး လူကြီးတယောက်လို ကြိတ်ခံစားနေရတဲ့ အတိုင်းပဲ သိသာတယ်။ သူနေမကောင်းတဲ့ အချိန်ဆို သူ့အဖေကို သတိရ တာပေါ့။ မေမေရေ ဖေဖေက သမီးတို့နဲ့ ဘာဖြစ်လို့တူတူ မနေတာလဲ ပြောတာပေါ့။ ပြီးရင် ဖေဖေက မီးမီးကို မချစ်လို့ လား။ မချစ်လို့ တူတူမနေတာလား အဲလို ပြောတယ်။ ကိုယ်က အမေတယောက်ဖြစ်တဲ့အတွက် မဟုတ်ဘူး ဖေဖေက အလုပ်လုပ်နေရ တာပေါ့ အဲလိုမျိုး သူက သိတယ်။ ထောင်ဝင်စာ သွားတွေ့တဲ့နေဆိုရင် မေမေ ဖေဖေဆီမသွားဘူးလား။ ဖေဖေစောင့်နေမယ်။ ဖေဖေအတွက် ငါးဟင်းတွေ မချက်ဘူးလား။

မေး-သူ့ကို တရားရုံးပဲခေါ်သွားတာလား။ ထောင်ဝင်စာ သွားတွေ့တဲ့ အချိန် မခေါ်သွားဘူးလား။

ဖြေ- ခေါ်သွားတယ်။ သူ့ကို အမြဲတမ်းမခေါ်ပါဘူး။ ကလေးစိတ်ဒဏ်ရာရမှာလည်း ကြောက်တယ်။ ဒီအပတ်ဆိုရင်သူ့ကို ၆ ရက် တိတိထောင်ဝင်စာ သွားတွေ့တယ်။ အားပေးစကားပြောတယ်။ နှစ်သိမ့်ပေးတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုကျော်စိုးဦးနဲ့သမီး

မေး- သွားတွေ့တော့ရော ဘာတွေ ပြောလဲ။

ဖြေ-သူ့သမီးလေးအကြောင်းတော့ အမြဲတမ်းမေးတယ်။ သူ့သမီးက ဘယ်လို ဘယ်လို၊ ကိုယ်ဆိုလည်း ထောင်ဝင်စာ သွား တွေ့ရင် သူ့သမီးလေးက ဘယ်လိုနေ တယ်။ မနက်ဆိုဘယ်လို၊ မုန့်တွေစားတယ်။ ကျောင်းမှာ ဆရာမတွေက ဘယ်လို ပြောပြ တယ်။ သမီးလေး ပြောတတ်တဲ့ စကားတွေကိုလည်း သူ့အဖေကို ပြောပြ တယ်။ ဒါပေမယ့် သူ့အဖေကကျတော့ ငိုတယ်။ သမီး စကားတတ်တဲ့ အချိန် အရွယ်ရောက်တဲ့ အချိန်မှာ ငါက အနားမှာ မရှိဘူးပေါ့။

မေး-စီရင်ချက်ချမယ်ဆိုတော့ မချစ်စုဝင်းတို့ရော ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ-သူလွတ်မယ်လို့ မျှော်လင့်ထားတယ်။ အိမ်ကို မိသားစု အတူတူပြန်ရမယ်လို့ ယုံကြည်ထားတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းဆီးခံသားအတွက် မိခင်တဦးရဲ့ သောက