စက်တင်ဘာ ၃ ရက် မနက်ပိုင်း သတင်းများ
၁။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ ၂ ဦးကို စက်တင်ဘာ ၃ ရက်နေ့ စီရင်ချက် ချမှတ်ဖို့ တရားရုံးက ချိန်းဆိုထားပါတယ်။
အမှုရင်ဆိုင်နေရတဲ့ ကိုကျော်စိုးဦးမှာ အရွယ် မရောက်သေးတဲ့ သမီးလေး တယောက်ရှိပြီး တခါတရံ ကိုကျော်စိုးဦးရဲ့ ရုံးချိန်းမှာ သူ့ကို တွေ့ရလေ့ရှိပါတယ်။
အဖမ်းခံရနေရတဲ့ ကိုကျော်စိုးဦးရဲ့ ရင်ခွင်ထဲမှာ တွေ့ရတတ်တဲ့ သူတို့ ၂ ဦးရဲ့ ပုံရိပ်ဟာ မြင်တွေရတဲ့သူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေပါတယ်။
ကိုကျော်စိုးဦး အဖမ်းခံရပြီးတဲ့နောက် သူရဲ့ သမီးလေးနဲ့ ဇနီးတို့ ဘယ်လို ရုန်းကန်ရသလဲ၊ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ကိုကျော်စိုးဦးရဲ့ ဇနီး မချစ်စုဝင်းကို ပြောပြထားပါတယ်။
၂။ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေ အမှတ်ကို ကျော်လွန်ရောက်လာလို့ အနိမ့်ပိုင်းနေရာတွေမှာ ရေတွေ ပြန်ဝင်နေတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂ ရက် နံနက်ပိုင်း တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ပြီး ၈၇၉ စင်တီမီတာထိ ရောက်ရှိနေတယ်လို့ ပြည်နယ်မိုးဇလဦးစီးဌာနက ပြောပါတယ်။
လက်ရှိအချိန်ထိလည်း ဘားအံမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၃ ခု ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်မှာ နေထိုင်ကြသူတွေက ခိုလှုံနေထိုင်ကြတယ်လို့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘားအံမြို့ခံ လူမှုကူညီရေး လုပ်ဆောင်နေတဲ့ ဦးအောင်မိုးက ပြောပါတယ်။
၃။ ဗြိတိန် နိုင်ငံ လစ်ဗာပူးလ် မြို့က Littlewoods Pools ဆိုတဲ့ အဆောက်အအုံမှာ စက်တင်ဘာ ၂ရက် ဒေသစံတော်ချိန် ညရှစ်နာရီ မတိုင်မီမှာ မီးစတင် လောင်ကျွမ်းခဲ့ပါတယ်။
အဲဒီ အဆောက်အအုံမှာ ရှိတဲ့ art deco မှာ လောင်ကျွမ်းနေတဲ့ မီးကို မီးသတ်သမားတွေက အသည်းအသန် လိုက်လံ ငြိမ်းသတ် နေရပါတယ်။
မီးလောင်ပြင်မှာ မီးသတ်သမား ကိုးယောက်က ငြိမ်းသတ် လျက်ရှိပြီး မီတာ တရာ နှစ်ရာ အမြင့်ရှိတဲ့ မီးညွှန့်ကို အဆောက်အအုံရဲ့ ပထမထပ် ကနေ ငြိမ်းသတ် နေရတယ်လို့ Merseyside မီးသတ် ဌာနက ပြောပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်လို့ ထိခိုက် ဒဏ်ရာရသေဆုံးမှု တစုံတရာ သတင်း မရသေးပါဘူး။