ရိုက်တာသတင်းထောက်တွေ ထောင်ဒဏ် ၇ နှစ်ချမှတ်

ရိုက်တာသတင်းထောက် ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရိုက်တာသတင်းထောက် ကို၀လုံး

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲခဲထားရတဲ့ ရိုက်တာသတင်းထောက်တွေကို အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ် အမိန့်ချမှတ်လိုက်ပါတယ်။

သတင်းထောက် နှစ်ယောက်ကို ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မယ်လို့ ကြေညာထားပေမယ့် တရားသူကြီး ဖျားနေလို့ အမိန့်မချမှတ်နိုင်ဘဲ စက်တင်ဘာ ၃ ရက်ကို ပြန်လည် ချိန်းဆိုခဲ့တာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်မှာ ဒုတပ်ကြပ်နိုင်လင်းနဲ့ သွားရောက် တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်မှာ ဖမ်းဆီးခံရပြီး ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ် တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကျော်ကို အာဆာအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ရာက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လုံခြုံရေးအရ ရှင်းလင်းရာက အစပြုလို့ သိန်းနဲ့ချီတဲ့ လူတွေ အိမ်နီးချင်း တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိန်းသိမ်းခံ ဖခင်နဲ့ သမီးငယ်ကြားက သံယောဇဉ်
ဓာတ်ပုံ မူပိုင် EPA
Image caption ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

သူတို့ နှစ်ယောက် အဖမ်းခံခဲ့ရတာဟာ အင်းဒင်ရွာမှာ အသတ်ခံခဲ့ရတာကို စုံစမ်းလို့ အဖမ်းခံခဲ့ရတာလို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၂၇ ရက်မှာတော့ သူတို့ နှစ်ယောက်ကို တရားရုံးထုတ်ခဲ့ပြီး ရမန်နှစ်ပတ် ယူခဲ့ပါတယ်။

သူတို့ နှစ်ယောက်ကို အာမခံ မပေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ သတင်းထောက်တွေကို ရုံးထုတ်ပြီး တရားလိုတွေကို အပြန်အလှန် စစ်ဆေးခဲ့ကြပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အင်းဒင်ရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၂ဝ၁၈ ဇန်နဝါရီ ၁၀ ရက် မှာ သတင်းထုတ်ပြန်လာခဲ့တာမှာ သူတို့အသုံးအနှုန်းအရ ဘင်္ဂါလီအကြမ်းဖက် သမား ၁ဝ ယောက်ကို အင်းဒင်မှာ သတ်ဖြတ်ခဲ့မှုထဲ အရပ်သားတွေနဲ့ အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ ပြောလာပါတယ်။

အဲဒီနောက်မှာတော့ ရိုက်တာ သတင်းထောက် နှစ်ယောက် ပါဝင် ရေးသားခဲ့တဲ့ အင်းဒင် လူသတ်မှုနဲ့ ဆိုင်တဲ့ သတင်းဆောင်းပါးကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ မှာတော့ ကျူးလွန်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဒီအမှုကို နိုင်ငံတကာက ပိုမို စိတ်ဝင်စားခဲ့သလို ဗြိတိန် ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ တို့ကလည်း ရိုက်တာ သတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီလို အခြေအနေမှာ မောင်တော အင်းဒင် ကင်းစခန်းမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ရိုက်တာ သတင်း ထောက်တွေနဲ့ တွေ့ဆုံခဲ့လို့ ရဲတပ်ကြပ် ခင်မောင်လင်း အပါအဝင် တခြား ရဲဝန်ထမ်း လေးယောက်ခေါ်ယူ ထိန်းသိမ်း စစ်ဆေးခံခဲ့ရပါတယ်။

ထိန်းသိမ်းစစ်ဆေး ခံရတဲ့ရဲအရာရှိတွေထဲက တဦးဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို တရားလိုသက်သေအဖြစ် တရားရုံးမှာ တင်သွင်းလာခဲ့ရာမှာ ဒီသတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးတာလို့ ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။

ရဲဝန်ထမ်း လေးယောက်ကလဲ နောက်ပိုင်းမှာ လွတ်မြောက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး ခင်မောင်လင်းနဲ့ ဒုရဲမှူး မိုးရန်နိုင်က ဆက်လက် ထိန်းသိမ်း ခံနေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုရဲမှူး မိုးရန်နိုင်

ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတဲ့ အဲဒီ ထွက်ဆိုမှုကြောင့် ရိုက်တာ သတင်းထောက် နှစ်ယောက်အတွက် အလားအလာ ကောင်းလာနိုင်တယ်လို့ သတင်းမီဒီယာသမားတွေက မျှော်လင့် ခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်တနှစ် ပြစ်ဒဏ်ချမှတ် ခဲ့ပါတယ်။

ဒါပေမယ့် ဇွန်လ ၈ရက်နေ့မှာ NHK သတင်းဌာနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အင်တာဗျူးမှာ ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ အဖမ်းခံထားရတာ ဖြစ်တဲ့အတွက် သူတို့အပြစ် ရှိမရှိဆိုတာ တရားရုံးက ဆုံးဖြတ်ပါလိမ့် မယ်လို့ ပြောခဲ့ပါတယ်။

အခုဆိုရင် ရိုက်တာ သတင်းထောက် နှစ်ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရုံးထုတ် စစ်ဆေးတာ ၉ လ နီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။

သူတို့ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ သူတို့ကို စွဲထားတဲ့ ပုဒ်မဟာ ထောင်ဒဏ် ၁၄ နှစ်အထိ အမိန့်ချနိုင်တဲ့ ပုဒ်မမျိုး ဖြစ်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းဆီးခံသားအတွက် မိခင်တဦးရဲ့ သောက