သူတို့ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ရိုက်တာသတင်းထောက်တွေ ပြော

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

ရိုက်တာသတင်းထောက် နှစ်ယောက်ကို ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက် ၂ ယောက်လုံးက သူတို့ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုပြီး တရားရုံးအမိန့် ချပြီးပြီးချင်းမှာပဲ တရားခွင်ထဲ ပြောခဲ့ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃/၁ (ဂ) ကို ချိုးဖောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်ဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ ဒီကနေ့မှာပဲ ချမှတ်လိုက်ပါတယ်။

သတင်းထောက် ၂ ယောက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရတာဖြစ်လို့ အဲဒီထဲက ချုပ်ရက် ထုတ်နုတ်ခံစားခွင့် ပြုမယ်လို့ တရားသူကြီးက ပြောပါတယ်။

သူတို့တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်ကတော့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ လက်ရှိ ဒီမိုကရေစီကို သွားနေပြီဆိုတဲ့ မြန်မာနိုင်ငံရဲ့ ခရီးလမ်းမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေအနေတွေက ဆိုးရွားနေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

ဝလုံးတို့ဆီက တွေ့တယ်ဆိုတဲ့ စာရွက်စာတမ်း နှစ်ရွက်ရယ်၊ တယ်လီဖုန်းထဲက စာရွက်စာတမ်းတွေက ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖြစ်တယ်လို့ သုံးသပ်သွားတယ်။

ဝလုံးရဲ့ အိမ်မှာတွေ့တဲ့ မြန်မာတိုင်းစ် ဒိုင်ယာရီဟောင်းထဲက AA အဖွဲ့က ကိုညိုထွန်းအောင်ရဲ့ ဖုန်းနံပါတ်ကို တွေ့ရှိလို့ နိုင်ငံတော်ရဲ့ သတင်းအချက်တွေကို နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေကို ပေးပို့နိုင်တာ ရှိတယ်လို့ သုံးသပ်ပြီး ချမှတ်လိုက်တာလို့ သူက ဆက်ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းကြောင်းပြ မြေပုံဆိုရင် မြန်မာပြည် အစိုးရရုံးအဖွဲ့က ထုတ်ထားတဲ့စာရွက် မဟုတ်ဘူး။ ဂျာမာန်ဝက်ဆိုက်စ်တစ်ခုက တင်ထားတာ။

အဲလိုဟာမျိုးကိုလည်း ထည့်သွင်းသုံးသပ်တာ။ နောက်တခါ ဒုသမ္မတလမ်းကြောင်းလိုဟာ ဒီဟာတွေဆိုလည်း သတင်းစာတွေထဲမှာ ဖော်ပြထားပြီး ဖြစ်တယ်။ အဲဒီလို အချက်အလက်တွေဟာ ဖေ့ဘုတ်၊ မက်ဆင်ဂျာမှာ အချိန်မရွေး အခါမရွေး အလွယ်တကူ ရနိုင်တဲ့ဟာ၊ အဲဒီလို သတင်းအချက်အလက်တွေကို တရားရုံးက လျှို့ဝှက်စာရွက်ဆိုပြီး သုံးသပ်ပြီး ချလိုက်တာလို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သတင်းထောက်နှစ်ယောက် လွတ်မြောက်ရေးအတွက် လုပ်နိုင်စရာရှိတာ မှန်သမျှကို လုပ်ဆောင်သွားမယ်လို့လည်း ဦးသန်းဇော်အောင်က ပြောပါတယ်။

သတင်းထောက်တွေကို ထောင်ဒဏ် ၇ ခုနှစ် ချမှတ်လိုက်တာနဲ့ ပတ်သတ်ပြီး ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ် Stephen J. Adler က သူတို့မှာ အပြစ်ရှိကြောင်း ဘာသက်သေမှ မရှိတဲ့အပြင် ရဲတွေကနေ သူတို့ကို ထောင်ချောက်ဆင်ဖမ်းခဲ့တာ သက်သေအခိုင်အမာရှိရက်နဲ့ တရားရုံးကနေ ဒီနေ့ချလိုက်တဲ့ စီရင်ချက်အမိန့်က သူတို့ရဲ့လွပ်လပ်ခွင့်ဆုံးရှုံးဖို့အတွက် ပြစ်ဒဏ်ချတဲ့ လုပ်ရပ်ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေ ချိုးဖောက်တာကိုတော့ လျစ်လျူရှုသလို ဖြစ်နေပါတယ်။

ဒီလုပ်ရပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နောက်ပြန်လှည့်တဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု သို့မဟုတ် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ကိုက်ညီမှု မရှိတဲ့အတွက် မြန်မာအစိုးရ အနေနဲ့ အစောတလျင် ပြင်ဆင်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တဆိုင်မှာ ဒုတပ်ကြပ်နိုင်လင်းနဲ့ သွားရောက်တွေ့ဆုံပြီး ဆိုင်ကနေ ပြန်အထွက်မှာ ဖမ်းဆီးခံရပြီး ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ် တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံခဲရတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

ရိုက်တာ သတင်းထောက်တွေကို စွဲချက်တင်