ရိုက်တာ သတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာ တောင်းဆို

ဓာတ်ပုံ မူပိုင် EPA
Image caption သူတို့ အနေနဲ့ ဘာမှ အမှားအယွင်း လုပ်ထားတာ မရှိဘူးလို့ သတင်းထောက်တွေက ပြောဆို

ရခိုင်အရေး သတင်းရေးသား တင်ပြဖို့ အချက်အလက် စုဆောင်း နေစဉ်မှာပဲ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲ ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ထွက်လာ အပြီးမှာ သတင်းထောက် ကိုဝလုံးက တော့ သူတို့ အနေနဲ့ အမှား မလုပ်ခဲ့တဲ့ အတွက် ဘာကိုမှ ကြောက်စရာမလိုဘဲ၊ အကောင်းဆုံး ဆက်လက် ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် Stephen Adle က တော့ ထောင်ဒဏ် ချမှတ် လိုက်တဲ့ အတွက် မြန်မာ အတွက်ရော၊ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အတွက်သာမက သတင်းသမားတိုင်း အတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ကို ပြစ်ဒဏ် ချမှတ်ခြင်းဟာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ တရား ဥပဒေစိုးမိုးရေးကို အကြီးအကျယ် ထိခိုက်သွားစေတယ်လို့ ပြင်သစ်နိုင်ငံနဲ့ အမေရိကန် တို့က ပြောပါတယ်။

ဗြိတိန်နိုင်ငံက သတင်းသမားတွေကို ဒီလို ပြစ်ဒဏ် ချမှတ် ခဲ့တဲ့ အတွက် မြန်မာ အစိုးရ ကို ဝေဖန်ပြောဆိုလိုက်ပြီး ကုလသမဂ္ဂ ၊ EU ဥရောပ သမဂ္ဂ ကလည်း ရိုက်တာ သတင်းထောက် တွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုကျော်စိုးဉီး ဇနီးသည်ရဲ့ ပူဆွေးသောက

သူတို့တွေရဲ့ရှေ့နေ ဦးသန်းဇော်အောင်ကတော့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ လက်ရှိ ဒီမိုကရေစီကို သွားနေပြီဆိုတဲ့ မြန်မာနိုင်ငံရဲ့ ခရီးလမ်းမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေအနေတွေက ဆိုးရွားနေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။

အသက် ၂၈ နှစ် အရွယ် ကိုကျော်စိုးဉီးနဲ့ အသက် ၃၂ နှစ် အရွယ် ကိုဝလုံးတို့ ဟာ အင်းဒင်ရွာ လူသတ်မှု အတွက် အချက်အလက် တွေ ရှာဖွေ နေစဉ်မှာ စားသောက်ဆိုင်မှာ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ တွေ့ဆုံဖို့ ခေါ်ယူ ခံခဲ့ရပြီး အဲဒီမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင် ရွာ လူသတ်မှု ကို စုံစမ်းရေးသား ခဲ့လို့ ဖမ်းဆီး ခံရတာ ဖြစ်

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကတည်း က ဖမ်းဆီး ခံထား ရတဲ့ အတွက် အမှု ရင်ဆိုင် နေစဉ် ကာလ အတွင်းက ချုပ်နှောင်ရက်တွေကို ထုတ်နှုတ် ခံစားခွင့် ပြုမယ် လို့လည်း တရားသူကြီးက ဆိုပါတယ်။

သတင်းထောက်တွေဟာ နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်တဲ့ အတွက် ပြစ်ဒဏ်ချမှတ် ရတာ ဖြစ်တယ်လို့ ရိုက်တာ သတင်းထောက် ၂ ယောက်ရဲ့ အမှု ကို အမိန့်ချမှတ် ခဲ့တဲ့ တရားသူကြီး က ပြောဆိုခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရဲ့ အမှုကို သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချဖို့ အစောပိုင်းက ကြေညာထားခဲ့ပေမယ့် တရားသူကြီး နေမကောင်းတဲ့အတွက် အမှုကို စက်တင်ဘာလ ၃ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ တရားရုံးက ကြေညာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ အမှု ရက်ရွေ့မှု ကိုဝလုံးနဲ့ ရှေ့နေ ဦးသန်းဇော်အောင်တို့ အမြင်