TNLA နဲ့ RCSS တို့ နမ္မတူဘက်မှာ တိုက်ပွဲတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, PSLF -TNLA News & Information Department facebook
တီအန်အယ်လ်အေ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူ မြို့နယ်ထဲက ပန်လုံရွာတဝိုက်မှာ TNLA နဲ့ RCSS တို့ တိုက်ပွဲတွေဖြစ်လို့ ကျေးရွာ ၃ ရွာက လူဦးရေ တထောင်ကျော် သီပေါနဲ့ ဘေးလွတ်ရာတွေကို ပြေးနေရပါတယ်။
နမ္မတူ မြို့နယ်ထဲက ပန်လုံ ရွာနားမှာ တီအန်အယ်လ်အေ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်နဲ့ အာစီအက်စ်အက်စ် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တို့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာပြေးနေ ရပါတယ်။
လတ်တလောမှာ ဗုဒ္ဓကျောင်းမှာ နေရပ်စွန့်ခွာ ရသူ အယောက် ၃၀၀ ကျော် ၊ မန်လီ ကျေးရွာမှာ ၄၅၂ ယောက် ၊ ပန်သလီ ကျေးရွာမှာ အယောက် ၆၁၀ ရှိပြီး လောလောဆယ်မှာ ရွာသားတွေ ပြန်ဖို့ မရှိသေးကြောင်း ၊ စက်တင်ဘာ ၃ ရက် မနက်က ဆိုရင် ပန်လုံမှာ လက်နက်ငယ်သံတွေ ကြားရလို့ ဒုက္ခသည် ကူညီရေး ဆောင်ရွက်နေသူတွေ ပြန်လှည့်ထွက်ခဲ့ရကြောင်း ၊ လက်ရှိမှာ ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာ လိုအပ်လျက် ရှိကြောင်း သီပေါ နယ်စည်းမခြား ပရဟိတအဖွဲ့ဝင် ကိုမျိုး က ပြောပါတယ်။
စစ်ရှောင် ပြည်သူတွေအတွက် သီပေါ ဘိုးတော်ကျောင်း အပါအဝင် မန်လီ ရွာနဲ့ ပန်သပြေ ရွာတွေမှာ စီစဉ် ပေးထားပေးပြီး လတ်တလောမှာ မနောအလှ အနုပညာရှင်များ ပရဟိတအဖွဲ့က ငွေကြေးနဲ့ အစားအသောက်တွေ လှူတာ ရှိပေမယ့် အစားအသောက်တွေ လိုအပ်နေတယ်လို့လည်း ကိုမျိုး က ဆို ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA facebook
တီအန်အယ်လ်အေရဲ့ ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်
လက်ရှိ အချိန်ထိ နမ္မတူ မြို့နယ်အတွင်းမှာ စစ်ရေး တင်းမာမှုတွေ ဖြစ်နေတယ်လို့လည်း တီအန်အယ်လ်အေရဲ့ ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်ကပြောပါတယ်။
မနှစ်ကလည်း RCSS နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နမ္မတူနယ်မှာ ပလောင် အောက်ဖက်မှာ ဖြစ်ပွားခဲ့တာလို့ သူက ဆိုပါတယ်။
နဂိုတုန်းက RCSS နဲ့ ဒါမျိုး တိုက်ပွဲ ဖြစ်တာ မရှိခဲ့ပေမယ့် သူတို့ NCA လက်မှတ် ထိုးပြီးတဲ့အခါ တီအန်အယ်အေ နယ်ထဲ ဝင်တာတဲ့ အတွက် ခုလို ဖြစ်ပွားတာလို့ မိုင်အိုက်ကျော်က ပြောပါတယ်။
မန်တုံမှာ ၂၀၁၅ ခုနှစ်တုန်းကလည်း ခုလို ဖြစ်ခဲ့ဖူးပြီး အဲလို တိုက်ပွဲ အခံ ရှိထားဘူးတဲ့ အတွက် တိုက်ပွဲ ဖြစ်ပြီ ဆိုတာနဲ့ အာစီ အက်စ်အက်စ် ဖက်က ထွက်ပြေးတယ် ၊ ပြီးခဲ့တဲ့ လတုန်းကလည်း အလားတူ ပါဘဲ တိုက်ပွဲ က မဖြစ်သေးဘူး သူတို့က ထွက်ပြေးသွားတယ်လို့ တီအန်အယ်လ်အေရဲ့ ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်က ဆိုပါတယ်။
တပ်မတော် နဲ့ ကတော့ စက်တင်ဘာ တရက်နေ့က မန်တုံ ကွတ်ခိုင် ဖက်မှာ တိုက်ပွဲ ဖြစ်ခဲ့ပေမယ့် ဒီနေ့ စက်တင်ဘာ ၃ ရက်မှာတော့ ဘာတိုက်ပွဲမှ မရှိလို့ ဗိုလ်မှူး မိုင်အိုက်ကျော်ကပြောပါတယ်။
RCSS/ SSA နဲ့ TNLA တို့ဟာ မကြာခဏ ဆိုသလို သီပေါ ၊ ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ဖြစ်လေ့ရှိတာကြောင့် ဒေသခံတွေဟာ မြို့ပေါ်ကို မကြာခဏ ဆိုသလို ပြေးနေရတာမို့ စီးပွားရေးလည်း ကောင်းကောင်း မလုပ်ရသလို ကျောင်းတွေလည်း ပုံမှန်မဖွင့်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။