ရိုက်တာသတင်းထောက်တွေ အယူခံခွင့်ရှိတယ်လို့ ဒု၀န်ကြီးဆို

ဓာတ်ပုံ ရင်းမြစ်, Aung Hla Tun facebook
ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်း
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် ကို မနေ့က မြောက်ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် စီ အမိန့် ချမှတ်လိုက်ပါတယ်။
ဒီလို အမိန့်ချလိုက်ပေမယ့် သူတို့ အယူခံဝင်နိုင်တဲ့ မျှော်လင့်ချက် ရှိသေးတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးနဲ့ ရိုက်တာ သတင်းထောက်ဟောင်း ဦးအောင်လှထွန်းက ပြောပါတယ်။
အခုလို ရိုက်တာ သတင်းထောက် နှစ်ယောက် ထောင် ၇ နှစ် ပြစ်ဒဏ် ချခံရတဲ့ အတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း ၊ လက်ရှိ အခြေအနေဟာ နောက်ဆုံး အဆင့်မဟုတ်ကြောင်း ၊ သတင်းသမားတွေ အနေနဲ့ အယူခံခွင့် ရှိသေးကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆိုပါတယ်။
မြန်မာ သတင်းမီဒီယာ လောကမှာ ဒီအမိန့်ချမှတ်မှုကြောင့် ထိခိုက်မှု ရှိမလာပါစေနဲ့လို့ သူ့အနေနဲ့ ဆုတောင်းလိုကြောင်းလည်း သူက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
ဖမ်းဆီး ထိန်းသိမ်းခံ ရိုက်တာ သတင်းထောက် နှစ်ယောက်
လက်ရှိမှာ ပြန်ကြားရေး ၀န်ကြီး ဌာန အနေနဲ့ သတင်းမီဒီယာနဲ့ မအပ်စပ်တဲ့ ဥပဒေတွေကို သုံးသပ်နေတာ ရှိပြီး သတင်းသမားတွေ အနေနဲ့ ကတော့ ကိုယ့်လုပ်ရမယ့် အလုပ်ကိုသာ တစိုက်မတ်မတ် ဆက်လုပ်သွားစေ လိုတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် သတင်းသမားတွေ အနေနဲ့ လက်ရှိ ဥပဒေတွေကို သိထားဖို့ လိုပြီး ကိုယ်လုပ်ရတဲ့ နယ်ပယ်မှာ ကျွမ်းကျင်မှု ရှိစေဖို့ အပြင် သတင်းသမားတွေ အနေနဲ့ ကျင့်၀တ် လိုက်နာဖို့ စတဲ့ အချက်သုံးချက်ကို ချိန်ဆ လုပ်ကိုင် သွားရမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီးက ထောက်ပြခဲ့ပါတယ်။
သတင်း သမားတွေ အနေနဲ့ ကန့်သတ်မှု အခက်အခဲတွေ ကြားက ဖြစ်အောင် လုပ်တက်တာကိုက ကျွမ်းကျင်မှု တရပ်လို့ ဆိုရမှာ ဖြစ်ကြောင်း ၊ အရင်ခေတ် အခါတုန်းကလည်း ဒါမျိုး စိန်ခေါ်မှု အခက်အခဲတွေ ရှိခဲ့ကြောင်း ၊ အဲဒီကြားကပဲ စွန့်စား လုပ်ခဲ့ရတာမျိုးတွေ ရှိခဲ့ဖူးကြောင်း ၊ သတင်းသမားတွေ အနေနဲ့ အန္တရာယ် ကိုလည်း သိထားရမယ့် အပြင် ကိုယ်လုပ်ချင်တာကို လုပ် နိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
စက်တင်ဘာ ၃ ရက်နေ့မှာ တရားရုံးက ချမှတ်လိုက်တဲ့ ဥပဒေတွေ ဆိုရင် လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်က ပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေတွေ ဖြစ်ပြီး ဥပမာ အနေနဲ့ ပြောရရင် မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ လို ဟာမျိုး ဆိုရင် နှစ်ပေါင်း တရာကျော် သက်တမ်းရှိ ဥပဒေတွေ ဖြစ်နေတယ် ဒီဥပဒေတွေကို ပြန်လည် သုံးသပ်လျက် ရှိပြီး အဲဒီ ကြားထဲမှာ မီဒီယာနဲ့ အစိုးရကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက် သွားဖို့ လိုတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
သတင်းသမားတွေကို အခုလို နှစ်ရှည် ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ အတွက် ဗြိတိန်က မြန်မာ အစိုးရ ကို ဝေဖန်ပြောဆိုလိုက်ပြီး ကုလသမဂ္ဂ နဲ့ ဥရောပ သမဂ္ဂ ကလည်း ရိုက်တာ သတင်းထောက် တွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆို နေပါတယ်။
အီဂျစ်မှာ သတင်းမှားလွှင့်တယ်ဆိုပြီး ထောင်တနှစ်ကျခဲ့တဲ့ ထင်ရှားတဲ့ သတင်းသမား မိုဟာမက် ဖဟ်မှီကလည်း ရိုက်တာသတင်းထောက်တွေ အမှုနဲ့ ပတ်သက်လို့ လူတိုင်း လက်မှတ်ထိုးပြီး မြန်မာ သတင်းထောက်တွေ လွတ်မြောက်ရေး တောင်းဆိုပေးကြဖို့ ပန်ကြားခဲ့ပါတယ်။
ဒါ့အပြင် လူမှုမီဒီယာတွေမှာလည်း အဲဒီသတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ဝိုင်းလှုပ်ရှားပေးကြဖို့လည်း သူက ဆိုပါတယ်။