စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်း ဖတ်သင့်တဲ့ သတင်းများ

၀ UWSA ခေါင်းဆောင် ပေါက်ယူချန်၊ ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ၊ ရှမ်းမြောက်တပ်ဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ တို့အားတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, WA NEWS

ဓာတ်ပုံ ပုံစာ,

၀ UWSA ခေါင်းဆောင် ပေါက်ယူချန်၊ ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ၊ ရှမ်းမြောက်တပ်ဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ တို့အားတွေ့ရစဉ်

(၁) အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကို မြောက်ပိုင်းမဟာမိတ်တွေက တွေ့ဆုံလို

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်မတော်အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှု၊ ပစ်ခတ်တိုက်ခိုက်မှုတွေလျော့ကျစေဖို့နဲ့ ပိတ်ဆို့နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့အတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးလိုကြောင်း အဲဒီတိုင်းရင်းသားအဖွဲ့က ပြောပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီဦးဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ကိုယ်စားလှယ်နှစ်ဦးက အသိသက်သေအဖြစ် တက်ရောက်မယ်လို့လည်း တိုင်းရင်းသားအဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့မှာ ငြိမ်းချမ်းရေးကော်မရှင်ကို အကြောင်းကြားစာ ပို့ခဲ့ပါတယ်။

(၂) တွံတေးတူးမြောင်း ရေယာဉ်တွေပေါ် လုယက်သူတွေ ပစ်ခတ်ဖမ်းဆီး

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် တွံတေးတူးမြောင်းအတွင်း ရပ်ထားတဲ့ ရေယာဉ်ပေါ်ကို တက်ရောက် လုယက်သူ ၂ ဦးကို တိုင်းရဲတပ်ဖွဲ့က သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့မ ရဲစခန်းက ဦးဆောင်ပြီး ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ချိန်မှာ မြတ်ပုဝါကျောက် သင်္ဘောအနီး လူ ၃ ယောက် ချည်းကပ်လာပြီး ဓားရှည်ကိုင်ဆောင်သူ ၂ ယောက် သင်္ဘာပေါ် တက်လာလို့ ဓားအောက်ချပြီး အဖမ်းခံဖို့ ပြောစဉ်မှာ ဓားနဲ့ ဝင်ခုတ်လို့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုပစ်ခတ်ဖမ်းဆီးမှုကြောင့် ဓားကိုင်ထားသူ နှစ်ယောက်လုံး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စက်လှေပေါ်မှာ ကျန်ရှိပြီး ရေထဲ ခုန်ချထွက်ပြေး သွားတဲ့သူကို ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

(၃) တနင်္သာရီဂျာနယ်ကို စွဲချက်တင်ရန် သင့်မသင့် ကြားနာမယ်

ဓာတ်ပုံ ရင်းမြစ်, Myo Aung

ဓာတ်ပုံ ပုံစာ,

စက်တင်ဘာ ၃ ရက် ထားဝယ်မြို့နယ် တရားရုံးချိန်း မြင်ကွင်း

တနင်္သာရီဂျာနယ်ကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုကို လာမယ့် စက်တင်ဘာ ၁၇ ရက်မှာ စွဲချက်တင်ရန် သင့်မသင့် ကြားနာမယ်လို့ ဆိုပါတယ်။

ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "မဲဆွယ်အပြုံး" သရော်စာ ဆောင်းပါးနဲ့ ပတ်သက်ပြီး တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ပြောပါတယ်။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ ဟာ သတင်း မီဒီယာဥပဒေ ၉ (စ) ကို ရည်ညွှန်းတယ်လို့လည်း သူက ပြောပါတယ်။

သတင်း မီဒီယာဥပဒေ ၉ (စ) ဟာ သတင်းအမှားကို ရေးသားတဲ့အခါမှသာ စွဲဆိုရမယ့်ပုဒ်မ ဖြစ်တယ်။ အခုအမှုဟာ သရော်စာကို ရေးသားဖော်ပြလို့ တရားစွဲခံရတာ ဖြစ်တယ်။ သရော်စာကို ရေးသားခွင့် မရှိဘူးဆိုတဲ့ ပြဌာန်းချက်လည်း အတိအကျ မရှိဘူး။ ဒီသရော်စာဆောင်းပါးကိုလည်း ရသစာပေ အနေနဲ့သာ တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဒေါ်အေးမွန်သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ELEPHANTS WITHOUT BORDERS

ဓာတ်ပုံ ပုံစာ,

အာဖရိကမှာ အသတ်ခံထားရတဲ့ ဆင်များ

() အာဖရိကမှာ ဆင်ကောင်ရေ ၉၀ သတ်ခံရ

အာဖရိကတိုက် ဘော့စဝမ်နာနိုင်ငံ သားရိုင်းဥယျာဉ်မှာ ရှိတဲ့ ဆင်ကောင်ရေ ၉၀ နီးပါးဟာ ၃ လအတွင်း အသတ်ခံရတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်သူတွေက ပြောပါတယ်။

ဒီလောက်အထိ ဆင်တွေ အသတ်ခံခဲ့ရတာကို အံ့သြထိတ်လန့်မိတယ်လို့ နယ်စည်းမခြား ဆင်များအဖွဲ့က ပြောလိုက်ပါတယ်။

ဘော့စဝမ်နာနိုင်ငံမှာ ဆင်ဖမ်းသမားတွေကို အာဏာပိုင်တွေက လက်နက်ဖြုတ်သိမ်းဖို့ ဆောင်ရွက်နေချိန်မှာပဲ ဒီလိုဆင်တွေ အသတ်ခံရတာကလည်း တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။

ဘော့စဝမ်နာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆင်ကောင်ရေ အများဆုံးရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

() အိန္ဒိယနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး ပြီးစီခါနီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အိန္ဒိယနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး

အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးဟာ ပြီးစီးလုနီးပါး ဖြစ်နေပါပြီ။

ဒီရုပ်တုကြီးဟာ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဆာရာပတေးရဲ့ ပုံစံရုပ်တုကို တည်ဆောက်နေတာပါ။

ပေ ၆၀၀ အမြင့်ရှိတဲ့ ရုပ်တုလည်း ဖြစ်ပါတယ်။ ဒီရုပ်တုကြီးဟာ အိန္ဒိယဝန်ကြီးချုပ် မိုတီရဲ့ အထူးစီမံကိန်းတခု ဖြစ်တယ်လို့ အိန္ဒိယပြည်သူတွေက ထင်မြင်နေကြပါတယ်။

(၅) ဂျပန်ရဲ့ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးတိုင်ဖွန်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

နှစ်ပေါင်း ၂၅ နှစ် အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ် အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းတခု တိုက်ခိုက်နေပါတယ်။

ဂျယ်ဘီတိုင်ဖွန်းလို့ အမည်ပေးထားတဲ့ အဲဒီမုန်တိုင်းရဲ့ လေပြင်းအားက တနာရီ ကီလိုမီတာ ၂၁၆ အထိ ရှိနေပါတယ်။

ဒီမုန်တိုင်းကြောင့် လှိုင်းကြီး၊ ရေလျှံ မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ကြေညာချက် ထုတ်ထားပါတယ်။