ဖာပွန်ခရိုင်စစ်ရေးတင်းမာမှု ကေအန်ယူနဲ့ အစိုးရတပ်ဖွဲ့နှစ်ဖက်တပ်ခေါင်းဆောင်ညှိနှိုင်း

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေ

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ မြန်မာ အစိုးရတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး တင်းမာမှုတွေရှိလာလို့ နှစ်ဖက်ခေါင်း ဆောင်တွေ တွေ့ဆုံဆွေးနွေးဖြေရှင်းရတဲ့အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။

ကျွန်တော်တို့ သက်ဆိုင်ရာတာဝန်ရှိတဲ့ ခရိုင်ခေါင်းဆောင်တွေက တာဝန်ယူဆောင်ရွက်နေ ပါတယ်။ တကယ်လို့သူတို့အောက်ခြေမှာ ဖြေရှင်းလို့မရဘူးဆိုရင် အထက်ကို တက်လာမှာပေါ့။ အခုက အောက်ခြေမှာရှိတဲ့တပ်ပိုင်းဆိုင်ရာကိစ္စကို တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေက ဆောင်ရွက်နေတယ် လို့ ကေအန်ယူဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ဘီဘီစီကို ပြောပါတယ်။

ဖာပွန်ခရိုင် ပုဇွန်မြောင်းကျေးရွာနဲ့ ကာညီနောင်ရွာအနား ကေအန်ယူတပ်မဟာ ၅ နဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေအကြား ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ ကာညီနောင် ရွာက ရွာသား နှစ်ရာကျော်က မြိုင်ကြီးငူမြို့မှာ ထွက်ပြေးခိုလုံနေကြသလို ပုဇွန်မြောင်းက ရွားသား တွေလည်း ကတုတ်ကျင်းတွေတူးပြီး သတိနဲ့နေထိုင်ကြဖို့ ကျေးရွာလူကြီးတွေက ညွှန်ကြားထား တယ်လို့ ပုဇွန်မြောင်းဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြိုင်ကြီးငူမြို့

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ တပ်မတော်နဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင် တွေအကြား တင်းမာမှုရှိနေပြီး စစ်ရေးအရ အပြန်အလှန်ပြင်ဆင်မှုတွေ ရှိနေတယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာက ဒေသခံတွေက ပြောပါတယ်။ ပုဇွန်မြောင်းရွာနဲ့ မိုင်အနည်းငယ်မှာလည်း မြန်မာစစ်တပ်က လက်နက်ကြီးတွေ ချထားတယ်လို့ မျက်မြင်သက်သေတစ်ယောက်ကပြောပါတယ်။

အခုလိုကေအန်ယူအောက်ခြေတပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ထိတွေ့မှုရှိနေပေမယ့် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်နိုင်ဘူးလို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ က ပြောပါတယ်။

တိုက်ပွဲတွေကတော့ တိုက်ပွဲကြီးတွေမဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်နေတဲ့ကာလမှာ ထိတွေ့မှုတော့ရှိနေမှာပဲ။ နားလည်မှုလွဲတဲ့အခါမှာတော့ တိုက်ပွဲတော့ဖြစ်တတ်တာပဲ။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ထိခိုက်စေတဲ့အနေအထားတော့ မရှိပါဘူး လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

မြန်မာအစိုးရတပ်ဖွဲ့တွေက ကန့်သတ်ထားတဲ့ နယ်မြေကိုကျော်လွန် သွားလာလှုပ်ရှားနေတဲ့ အတွက်ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့တွေက တပ်အင်အားတွေ တိုးချဲ့ပြင်ဆင်လာတာတွေ့နေရ တော့ ပုဇွန်မြောင်းရွာ၊ ကာညီနော်ရွာနဲ့ နို့ထရွာကရွာသား တွေလည်း အခုရက်ပိုင်းမှာ သတိနဲ့သွားလာနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၈ မတ်လအစောပိုင်းကလည်း ကရင်ပြည်နယ်ဖာပွန်ခရိုင်မှာ ကားလမ်းဖောက်ဖို့ တပ်မတော်က တပ်ရင်းတွေတိုးချဲ့လာလို့ ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။