သတင်းထောက်တွေအမှု သမ္မတဆီ မေတ္တာရပ်မယ်

သတင်းထောက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ရဲကားပေါ်မှာ တွေ့ရစဉ်

ရိုက်တာ သတင်းထောက် ၂ ယောက်ကို စက်တင်ဘာ ၃ရက်နေ့က ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာ သတင်းမီဒီယာကောင်စီ အပါအဝင် သတင်းဌာနတွေ လူမှုအဖွဲ့အစည်းတွေက အသီးသီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင် ၇ နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်တွင်းက အဖွဲ့အစည်း ၁၀ဝ ကျော်ခန့်က ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် နှစ်ယောက်နဲ့ ပတ်သက်လို့ မြန်မာ သတင်းမီဒီယာ ကောင်စီက အထူးအစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က က ပြောပါတယ်။

သတင်းထောက်တွေကို နှစ်ရှည် ထောင်ဒဏ်နဲ့ စီရင်ချက် ချခဲ့ရာမှာ သတင်းမီဒီယာ ဥပဒေနဲ့ အရေးယူခဲ့တဲ့ အပေါ် အလွန် ဝမ်းနည်းမိတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mm.presscouncil facebook

ဓာတ်ပုံ ပုံစာ,

ရိုက်တာသတင်းထောင်နှစ်ယောက်ကို ပြစ်ဒဏ်ချမှတ်မှု အပေါ် သတင်းမီဒီယာ ကောင်စီရဲ့ တုန့်ပြန်ချက်

ခုလို ထောင်ချတာဟာ သတင်းသမားများ လွတ်လပ်စွာ သတင်းရယူဖော်ထုတ် ရေးသားပိုင်ခွင့်ကို ထိခိုက်စေရုံသာမက ပြည်သူများထံ လွတ်လပ်စွာ သတင်းစီးဆင်းမှုနဲ့ ဒီမိုကရေစီ နိုင်ငံတော်ရဲ့ ပုံရိပ်ကိုလည်း များစွာ ထိခိုက်စေတယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

သတင်းမီဒီယာကောင်စီရဲ့ ဆက်လက် ဆောက်ရွက်မယ့် အနေအထား နဲ့ ပတ်သက်လို့လည်း ပြစ်ဒဏ် စီရင်တဲ့ အခါ ဥပဒေအရ အယူခံပိုင်ခွင့် ၊ အသနားခံပိုင်ခွင့် ရှိကြောင်း ၊ ပြစ်မှုကို ပြစ်ဒဏ် လျော့နည်းတဲ့ အပြင် လုံး၀ လွတ်ငြိမ်း ချမ်းသာခွင့် ရတဲ့ အထိ ဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတဆီ မေတ္တာရပ်သွားဖို့ အစီအစဉ် ရှိတယ်လို့လည်း မြန်မာ သတင်းမီဒီယာကောင်စီက ဒုဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် က ပြောပါတယ်။

သတင်းမီဒီယာအဖွဲအစည်းတွေနဲ့ လူမှု အဖွဲ့အစည်း ၈၃ဖွဲ့ ကလည်း စုပေါင်းပြီး စက်တင်ဘာ ၄ရက်နေ့မှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ဒီရိုက်တာ သတင်းထောက်တွေ အမှုမှာ ဆုံးဖြတ်ချက် ချတဲ့ ဖြစ်စဉ်နဲ့ တရား စီရင်ရေး ကဏ္ဍတို့ဟာ လွတ်လပ် မျှတမှု မရှိဘူးလို့ ယူဆကြောင်း ၊ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကလည်း နောက်ကွယ်က ကြိုးကိုင်တယ်လို့ မှတ်ယူတဲ့ အတွက် ဒါကို ဆန့်ကျင်ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တယောက် ဖြစ်တဲ့ မသဉ္စာရွှန်းလဲ့ရည် က ပြောပါတယ်။

စက်တင်ဘာ ၄ရက်နေ့မှာ ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်တွေ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေထဲမှာ မြန်မာ သတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာနဲ့ လူမှု အဖွဲ့အစည်း ၈၃ဖွဲ့ အပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ တိုင်းရင်းသား မီဒီယာ အဖွဲ့အများစုနဲ့ စုပေါင်းထားတဲ့ BNI - Burma News International၊ မြန်မာဂျာနယ်လစ်ကွန်ယက်အပါအဝင် အဖွဲ့ ပေါင်း ၆ ဖွဲ့နဲ့ ရခိုင်သတင်းသမားများအသင်း၊ ချင်းမီဒီယာ အဖွဲ့ အစည်းတွေ ကလည်း အသီးသီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ် ။