လိပ်ခဲတည်းလည်း ငြိမ်းချမ်းရေး အမျိုးသမီးတွေ တွန်းအားပေး

အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Ma Khin Lay facebook

ဓာတ်ပုံ ပုံစာ,

Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေး

စကော့တလန်မှာ သြဂုတ်နောက်ဆုံးပတ်အတွင်း ကျင်းပခဲ့တဲ့ Women in Conflict Peace Initiative အလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက်ခွင့် ရခဲ့ပါတယ်။

တက်ရောက်ခွင့် ရသူတွေထဲက တယောက်ဖြစ်တဲ့ Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေး ကတော့ ပဋိပက္ခတွေ ဖြစ်နေတဲ့ နိုင်ငံတွေက အမျိုးသမီးတွေနဲ့အတူ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ဒီထက်ပို ပါဝင်လာအောင် အစိုးရ အနေနဲ့ ပိုမို လုပ်ဆောင်သင့်တယ်လို့ မခင်လေးက ပြောပါတယ်။

စကော့တလန်က ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေထဲ ပါဝင်ခဲ့တဲ့ ဆရာကြီးတွေက ဉီးဆောင်ခဲ့ကြပြီး တောင်အာရှ မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ် နိုင်ငံတွေ ဖြစ်တဲ့ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် ၊ အိန္ဒိယ ၊ နီပေါ ၊ သီရိလကာ တို့လို့ နိုင်ငံတွေက မြန်မာနိုင်ငံက အခြေအနေတွေကို အချင်းချင်းကြား ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

အဲဒီ နိုင်ငံတွေနဲ့ မြန်မာ နိုင်ငံနဲ့ မတူတာက သူတို့ဆီမှာက ငြိမ်းချမ်းရေး စားပွဲပေါ် ရောက်နေတဲ့ အခြေအနေ ဖြစ်ပြီး မြန်မာ မှာက အပစ်အခတ် ရပ်စဲရေး လမ်းကြောင်း ပေါ်မှာဘဲ ရှိနေကာ ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ မသေးလို့ သူတို့ အခု သွားနေတဲ့ လမ်းကြောင်းနဲ့ ဝေးနေတဲ့ အခြေအနေကို ပြောပြ ဆွေးနွေး ဖြစ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ငြိမ်းချမ်းရေး လိုချင်သူတွေထဲမှာ အမျိုးသမီးတွေက အပြင်းပြဆုံး ဖြစ်ပြီး ကျန်တဲ့သူတွေက ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရာမှာ လိပ်ခဲ တည်းလည်း ဖြစ်လို့ ရပ်နေရင်တောင် အမျိုးသမီးတွေက တွန်းအားပေး လုပ်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ သူက ထောက်ပြ ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ma Khin Lay facebook

ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်နိုင်ဖို့ အကြံပေးနေတဲ့ မခင်လေး

တကယ်တော့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်တာဟာ အောင်မြင်ခြင်းရဲ့ လမ်းစဘဲ လို့ သူက ပြောပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ငြိမ်းချမ်းရေး ပိုမို ပါဝင် နိုင်အောင် နိုင်ငံတကာမှာတော့ အချိုးကျ စံနစ် သုံးနေတာတွေ ရှိပေမယ့် အဲလို အချိုးကျ မဟုတ်ရင်လဲ အမျိုးသမီးတွေ ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးတာမျိုး လုပ်သင့်တယ်လို့ သူက ဆိုပါတယ်။

တကယ်လို့ အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသမီးတွေ ငြိမ်းချမ်းရေးမှာ မပါနိုင်ရင်တောင် အမျိုးသမီးတွေကို စုပြီး Public Hearing လိုမျိုး လုပ်ကာ သူတို့ပေးတဲ့ အကြံဉာဏ်တွေ စိတ်ကူး စိတ်သန်း တွေကို မှတ်သားထားကာ ဆွေးနွေးခိုင်းမယ် ဆိုရင် အရမ်းကြီး မခက်ခဲဘူးလို့ ထင်မိကြောင်း သူက ပြောပါတယ်။

အခုဆိုရင် ငြိမ်းချမ်းရေးမှာ အတွေ့အကြုံရှိတဲ့ အမျိုးသမီးတွေ ဉီးဆောင်နေကြသလို သူတို့နောက်က လိုက်ပါ ဆောင်ရွက်ပေးနေသူတွေကလည်း ခေသူမဟုတ်တဲ့ အတွက် လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှုဟာ သိတ်ပြီးခက်ခဲမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ma Khin Lay facebook

ဓာတ်ပုံ ပုံစာ,

အရပ်ဖက် အဖွဲ့တွေကို အမြင်ဖွင့်ပေးရမှာ ဖြစ်သလို စွမ်းရည်မြှင့်ပေးဖို့ မခင်လေးက ပြော

အမျိုးသမီးတွေ အနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ချင်တယ် ဆိုရင် နိုင်ငံတကာမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း သင်ခန်းစာတွေကို လေ့လာထားဖို့ လိုမှာဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့် အရပ်ဖက် အဖွဲ့အစည်းတွေကို အမြင်ဖွင့်ပေးဖို့ လိုမှာ ဖြစ်သလို သူတို့ရဲ့ စွမ်းရည် မြှင့်တင်ရေး အတွက် မြေတောင်မြှောက်ပေးဖို့ လိုမှာ ဖြစ်ကြောင်း ဒါ့အပြင် ပဋိပက္ခ ဖြစ်ရာ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေ သိလာအောင် သေချာတဲ့ သတင်းအချက်အလက် အမှန်တွေ ပေးဖို့ လိုကြောင်းနဲ့ အဲဒီလိုသာ လုပ်နိုင်မယ် ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စမှာ ပိုပြီး လေးလေးနက်နက် ပါဝင် လာနိုင်မယ်လို့ Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေး ထပ်လောင်း ပြောသွားခဲ့ပါတယ်။