ကမ္ဘာ့လူဦးရေ လေးပုံ တပုံ ဟာ ဆိုးရွားပြင်းထန်တဲ့ ရောဂါတွေ ကြုံရနိုင်

ဓာတ်ပုံ မူပိုင် Getty Images
Image caption လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်သူတွေဟာ ဆိုးရွားပြင်းထန်တဲ့ ရောဂါတွေ ကြုံရနိုင်

ကမ္ဘာ့လူဦးရေရဲ့ လေးပုံ တပုံ ရှိတဲ့ လူဦးရေ ၁.၄ ဘီလျံကျော်ဟာ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ဘူးဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းတွက်ချက်ပါတယ်။

လေ့ကျင့်ခန်း မလုပ်သူတွေဟာ နှလုံးရောဂါ၊ ဆီးချိုးရောဂါ အဆင့် ၂ နဲ့ ကင်ဆာရောဂါတချို့ ဖြစ်ဖို့ အန္တရာယ်ပိုကြီးတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ပါတယ်။

၂၀၀၁ ကနေ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၆၈ နိုင်ငံက လူဦးရေ ၃၅၈ သန်း ကို အခြေခံ ကောက်ယူထားတာဖြစ်ပြီး ဒီထဲက ၁.၉ သန်း ကတော့ ကိုယ်တိုင်ကိုယ်ကျ အချက်အလက်တွေ ပေးပို့တဲ့ အပေါ် သုတေသနပြု စစ်တမ်းကောက်ယူထားတာ ဖြစ်တယ်ဆိုပြီးတော့ WHO က ထုတ်ပြန်ပါတယ်။

ဒီထဲမှာ ယူကေ အပါအဝင် ချမ်းသာတဲ့ နိုင်ငံအများစုဟာ ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး လုပ်ကြတဲ့ နိုင်ငံတွေထဲ ပါဝင်ပါတယ်။

အာရှ ဒေသ ၂ ခုက လွဲလို့ ကမ္ဘာတဝန်းက အမျိုးသမီး အများစုကတော့ ရုံးထိုင်ပြီး အလုပ်လုပ်ကြသူတွေ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သုတေသနပြုချက်မှာတော့ ယူကေ နဲ့ အမေရိကန် အပါအဝင် ဝင်ငွေကောင်းတဲ့ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ကိုယ်လက်လှုပ်ရှားမှု မပြုသူဦးရေဟာ ၂၀၀၁ ခုနှစ်မှာ ၃၂% ကနေ ၂၀၁၆ ခုနှစ်မှာ ၃၇% အထိ တက်လာခဲ့ပါတယ်။

ဒီထဲမှာ ဂျာမနီ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေလည်း ပါပါတယ်။ ကူဝိတ်၊ ဆော်ဒီအာရေဗျ နဲ့ အီရတ် နိုင်ငံတွေ ဟာ လည်း ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။

ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာတော့ ကိုယ်လက်မလှုပ်ရှားသူဟာ ၁၆ % ပဲ ရှိပြီး ဒီကိန်းဂဏန်းအတိုင်းပဲ တန့်နေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Thinkstock
Image caption လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်သူတွေဟာ ဆိုးရွားပြင်းထန်တဲ့ ရောဂါတွေ ကြုံရနိုင်

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုယ်လက်လှုပ်ရှားမှု ပိုနည်းကြပါတယ်။

အရှေ့အာရှ နဲ့ အရှေ့တောင်အာရှဒေသတွေ ဟာ တောင်အာရှ၊ အာရှ အလယ်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက နဲ့ ဝင်ငွေကောင်းတဲ့ အနောက်နိုင်ငံတွေ နဲ့ နှိုင်းစာရင် ဒီခြားနားချက်ကို ပိုတွေ့ရပါတယ်။

အကြောင်းကတော့ ကလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့ တာဝန်၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကြောင့် အမျိုးသမီးတွေဟာ ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ကြတာ ဆိုပြီးတော့လည်း အစီရင်ခံစာက ဆိုပါတယ်။

လာမယ့် ၂၀၂၅ မှာတော့ ကိုယ်လက်လှုပ်ရှားမှု မပြုကြသူနှုန်းကို ၁၀ % အထိ လျှော့ချဖို့ ရည်မှန်းထား လုပ်ဆောင်မယ်လို့ WHO က ပြောပါတယ်။