စက်တင်ဘာ ၆ ရက် နေ့လယ် သိသင့်တဲ့သတင်းများ

နာဂဒေသမှာ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့် ကလေးငယ်တွေဖျားနာရာမှာ ဆေးကုသမှုနောက်ကျလို့ သေဆုံးတာတွေရှိနေ ဓာတ်ပုံ မူပိုင် SING MAUNG YAWNGVA
Image caption နာဂဒေသမှာ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့် ကလေးငယ်တွေဖျားနာရာမှာ ဆေးကုသမှုနောက်ကျလို့ သေဆုံးတာတွေရှိနေ

၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေက ၁၀ တန်းအောင်သူတွေ ဆေးကျောင်းကိုအမှတ်မလိုဘဲ တက်ခွင့်ရမယ်။

သွားလာရေးခက်ခဲတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုက ၁၀ တန်းအောင်မြင်သူတွေအနေနဲ့ ဆေးတက္ကသိုလ်တွေကို အမှတ်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၅ရက်က ထုတ်ပြန်ခဲ့ပါတယ်။

နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် နဲ့ ၀ စတဲ့ ဒေသ ၆ ခုက ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေကိုဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

၂။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဘင်္ဂါလီ ၆ ဦး ရခိုင်ကိုပြန်လာ

ပြီးခဲ့တဲ့နှစ် သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်တွေကြောင့် တစ်ဖက်နိုင်ငံကို ဝင်ရောက်သွားခဲ့တဲ့ ဘင်္ဂါလီလူမျိုး ၆ ဦးဟာ စက်တင်ဘာလ ၄ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကတောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ တရားဝင် ပြန်လည် ဝင်ရောက်ခဲ့တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် KYAWZINHEIN'FACEBOOK
Image caption လူတဦးမှမရှိတဲ့ SAM Ratulangi ကုန်တင်သင်္ဘောကိုတွေ့ရစဉ်

၃။ မြန်မာ့ရေပိုင်နက်ထဲရောက်နေတဲ့ ပိုင်ရှင်မဲ့ကုန်သင်္ဘောအရေး ရှေ့နေချုပ်ရုံးကပဲ ကိုင်တွယ်မယ်

သြဂုတ်လကုန်ပိုင်းက မြန်မာ့ရေပိုင်နက်ဖြစ်တဲ့ သုံးခွမြို့နယ်နဲ့ ရေမိုင် ၇ မိုင် ခန့်အကွာ စစ်တောင်းမြစ်ဝ အနီးမှာ တွေ့ရှိခဲ့တဲ့ SAM Ratulangi အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘောနဲ့ပတ်သက်ပြီး ရှေ့နေချုပ် ရုံးကိုပဲ အားလုံးလွှဲအပ်သွားမှာဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးတင့်သွင်ကပြောပါတယ်။

အင်ဒိုနီးရှား အလံလွှင့်တင်ထားတဲ့ တန်ချိန် ၂သောင်းကျော်ရှိတဲ့ အဲဒီ သင်္ဘောကြီးမှာလူတွေမရှိသလို ကုန်တွေလည်းမပါတဲ့ အဲဒီသင်္ဘောနဲ့ပတ်သက်ပြီး သြဂုတ် ၆ ရက် နေ့လယ် ၁၁ နာရီက ရန်ကုန်မြို့မှာရှိတဲ့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

၄။ ဂျပန် အားပြင်းငလျင်ကြောင့် လူ ၂ ဦး သေဆုံး၊ ၄၀ ခန့် ပျောက်ဆုံးနေ

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ အင်အား ၆.၇ မဂ္ဂနီကျူ အဆင့်ရှိတဲ့ အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့သလို လူ ၄၀ လောက်လည်း ပျောက်ဆုံးနေတယ်လို့ ဂျပန် NHK သတင်းဌာနက ထုတ်ပြန်ပါတယ်။

ငလျင်ဟာ ဟိုကိုင်းဒိုး ကျွန်းရဲ့ အရှေ့တောင်ဘက် မှာရှိတဲ့ မြို့တော် ဆပ်ပိုရို မြို့ ရဲ့ ကီလီမီတာ ၆၀ ကျော် အကွာ (၃၉ မိုင်) ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး အိမ်ခြေအများအပြားလည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီး ဖြန့်ဝေနေတဲ့ ဓာတ်အားပေး စက်ရုံတွေ ပိတ်ခဲ့ရပြီး လူ ၃ သန်း လောက် ဟာ လည်း ဓာတ်အား ပြတ်တောက်မှု ကြုံခဲ့ရပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ နဲ့ ကူညီကယ်ဆယ်မှုတွေ ကို ငလျင်ဒဏ်သင့် မြို့တွေမှာ အရေးပေါ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လိင်တူအခွင့်အရေး လှုပ်ရှားမှု

၅။ လိင်တူချင်းဆက်ဆံတာ ရာဇဝတ်မှုမြောက်မမြောက် အိန္ဒိယ ဆုံးဖြတ်မယ်

အိန္ဒိယ တရားရုံးချုပ်ကတော့ လိင်တူချင်းပေါင်းသင်းဆက်ဆံတာဟာ သဘာ၀ ကို ဖီလာဆန့်ကျင်ပြီး ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်တဲ့ စီရင်မှုကို ပြန်လည် ဆန်းစစ်မှာ ဖြစ်ပါတယ်။

လိင်တူချင်း ဆက်ဆံတာက ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ စီရင်ထုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၇ နှစ်အကြာ ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်း ထားခဲ့တဲ့ ဥပဒေဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် အထိ ပြစ်ဒဏ်ချလို့ ရပါတယ်။

ဒီဥပဒေအရ လိင်တူချင်းဆက်ဆံတာအပြင် သဘာဝကို ကျော်လွန်တဲ့ ဘယ်လို ဆက်ဆံနည်းကို မဆို အပြစ်ပေးနိုင်တယ်လို့ ဆိုပါတယ်။