လိင်တူချင်းဆက်ဆံတာ ရာဇဝတ်မှု မမြောက်တော့ဘူးလို့ အိန္ဒိယ ဆုံးဖြတ်

လိင်တူအခွင့်အရေး လှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လိင်တူအခွင့်အရေး လှုပ်ရှားမှု

အိန္ဒိယနိုင်ငံမှာ လိင်တူချင်း ပေါင်းသင်း ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့ဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

လိင်တူချင်း ပေါင်းသင်း ဆက်ဆံတာဟာ သဘာဝကို ဆန့်ကျင် ကျူးလွန်တဲ့ ပြစ်မှု ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ ကိုလိုနီ ခေတ် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ကို ဖျက်သိမ်းဖို့ တရားသူကြီး ၅ဦးပါ ခုံသမာဓိ အဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူး၊ တဘက်သတ် ဆံတယ်။ ဖွဲ့စည်းပုံ အခြေခံနဲ့ မကိုက်ညီဘူး ဆိုပြီး တရားသူကြီးက စီရင်ချက်ထဲမှာ ဖတ်ကြားသွားပါတယ်။

သက်တမ်း ၁၅၇ နှစ် ရှိနေပြီ ဖြစ်တဲ့ ဒီရာဇသတ်ကြီး ပုဒ်မအရ လိင်တူချင်း လိင်ဆက်ဆံရင် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံရနိုင်ပါတယ်။

အခုတော့ ဒီကနေ့ စီရင် ဆုံးဖြတ်ချက်အရ အိန္ဒိယနိုင်ငံမှာ အရွယ်ရောက်သူ အချင်းချင်း သဘောတူရင် မမြင်ကွယ်ရာမှာ လိင်ဆက်ဆံနိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပုဒ်မ ၃၇၇ ပါ တခြား ပုဒ်မခွဲတွေအရတော့ တိရစ္ဆာန်တွေ၊ အရွယ်မရောက်သေးသူ ကလေးတွေနဲ့ လိင်ဆက်ဆံတာက ရာဇဝတ်မှု မြောက်နေဆဲ ဖြစ်ပါတယ်။

တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို အိန္ဒိယနိုင်ငံရဲ့ LGBT လိင်တူ ချစ်သူ အသိုင်းအဝိုင်းက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒီရာဇသတ်ကြီး ပုဒ်မကို သုံးပြီး ရဲတွေက LGBT အသိုင်းအဝိုင်းက လူတွေကို နှောင့်ယှက် အနိုင်ကျင့်တာတွေ လုပ်ခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောနေပါတယ်။

LGBT နိုင်ငံတကာ လိင်တူချစ်သူ အဖွဲ့ ရဲ့ ၂၀၁၇ခုနှစ် အစီရင်ခံစာအရ လိင်တူချင်း ပေါင်းသင်း ဆက်ဆံတာကို ရာဇဝတ်မှု မြောက်ကြောင်း သတ်မှတ်တဲ့ နိုင်ငံပေါင်းကမ္ဘာပေါ်မှာ အိန္ဒိယအပါအဝင် ၇၂ နိုင်ငံ ရှိတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

ညီမျှခြင်း မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံမှာတော့ ကိုလိုနီခေတ် လက်ကျန် ဒီ ရာဇသတ် ပုဒ်မကြီး ၃၇၇ ဟာ လူတဦးတယောက်ရဲ့ ပုဂ္ဂလိကပိုင်း ဆိုင်ရာကို ထိခိုက်စေတယ် ဆိုပြီး ပြောင်းလဲဖို့ ကြိုးစားနေပေမယ့် ခုထိ သိသာ ထင်ရှားတဲ့ ပြောင်းလဲမှု အလားအလာ မတွေ့ရသေးကြောင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ဆက်လက် လှုပ်ရှားသွားဖို့ အင်အားတွေ အများကြီး ရလာကြောင်း ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယ နိုင်ငံမှာ ဒီဥပဒေကို ဖျက်သိမ်းဖို့ မြို့ကြီး အတော်များများက လူတွေက လိုလား ထောက်ခံကြပေမယ့် ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ကျေးလက်ဒေသက ရှေးရိုးစွဲ ပြည်သူတွေကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဒီကိစ္စကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီမို့ ထပ်အယူခံခွင့် ရှိမှာ မဟုတ်တော့ပါဘူး။