စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း သိသင့်တဲ့သတင်းများ

လန်းပန်းကျေးရွာက ဖျားနာနေတဲ့ ကလေးငယ် တဦး

ဓာတ်ပုံ ရင်းမြစ်, LAUTU MAITAI KHAULAW

ဓာတ်ပုံ ပုံစာ,

လန်းပန်းကျေးရွာက ဖျားနာနေတဲ့ ကလေးငယ် တဦး

၁။ နာဂမှာ ကူးစက်ရောဂါ မထိန်းချုပ်နိုင်သေး

နာဂဒေသက ကျေးရွာအချို့မှာ AVI လို့ခေါ်တဲ့ Acute viral infections ရောဂါတမျိုးဟာ ရွာတချို့မှာ ကူးစက်ပြန့်ပွားတာတွေဖြစ်နေပြီး အခုချိန်အထိ သေဆုံးသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နန်းယွန်းမြို့နယ် ဒုံဟီးမြို့ အနီး ရှန်ဟဲပေါ်ကွန်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အသက် ၁ လသား အရွယ် သားဖြစ်သူဟာ စက်တင်ဘာ ၇ ရက်မှာ သေဆုံးသွားကြောင်း ဒုံဟီးဒေသခံ ကိုလော်တိုးက ဆိုပါတယ်။

သေဆုံးသူရဲ့ ဖခင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှောမ်းပုန်ကတော့ တရွာလုံးလိုလိုက မွေးစကနေ အသက် ၁၅ နှစ်လောက်အထိ ကလေးတွေ ဖျားနာနေပြီးတော့ ENDO (Eastern Naga Development Org ) ခေါ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကို လာရောက်ကုသဖို့ အကူအညီ တောင်းထားရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAGAING REGIONAL GOVERNMENT

ဓာတ်ပုံ ပုံစာ,

သြဂုတ်လအတွင်းကလည်း ကလေးဝမြို့က ကျောက်မီးသွေးတွင်းမှာ အောက်ဆီဂျင်ပြတ်ပြီး ၅ဦး သေဆုံးခဲ့

၂။ မကွေးတိုင်းမှာ ကျောက်မီးသွေးမိုင်း တခု ပေါက်ကွဲ၊ လူ ၃ ယောက်သေဆုံး

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာနဲ့ ၁မိုင်ကျော် အကွာမှာရှိတဲ့ ထွန်းရာဇ သတ္ထုတွင်းတူးဖော်ရေးကုမ္ပဏီလီမိတက်ပိုင် ကျောက်မီးသွေးတွင်းမှာ စက်တင်ဘာလ ၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃ ဦး သေဆုံးပြီး ၅ ဦးမှာ တွင်းထဲပိတ်မိနေဆဲဖြစ်တယ်လို့ ဆောမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးထင်လင်းကဘီဘီစီကိုပြောပါတယ်။

စက်တင်ဘာ ၆ ရက် မနက်ပိုင်းက အဆိုပါ ကျောက်မီးသွေးမိုင်းတွင်းထဲကို လူ ၁၃ ဦးဆင်းသွားရာက တဦးမှာပြန်တက်လာပြီး မကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ ၆ ဦးမှာ အပြင်ပြန်ထွက်လာနိုင်ခဲ့ပြီး ၆ ဦးပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

' ' ပြန်ထွက်လာနိုင်တဲ့သူတွေထဲမှာ ၃ ဦးကတော့ ဘာမှမဖြစ်ဘူး ။ ၂ ယောက်ကတော့ ထွက်လာပြီး မကြာဘူး ဆုံးတယ်။ တယောက်က ဆေးရုံတင်ထားရတယ်။ မနေ့က ညနေမှာပဲ အထဲမှာကျန်တဲ့ထဲက တယောက်ကို သေဆုံးလျက်ပဲ အပြင်ပြန်ထုတ်နိုင်တယ် ။ အထဲမှာ ကျန်တဲ့သူတွေကို အပြင်ပြန်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့လုပ်နေတယ်။ အခု အဲဒီကို မြေပြင်အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့သွားနေ ပါတယ်'' လို့ တိုင်းဒေသကြီး သယံဇာတ စိစစ်ရေး ကော်မတီဝင်တဦးလည်းဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးထင်လင်းကပြောပါတယ်။

၃။ ICC အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူ သတင်းစာရှင်းမယ်

မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံတခုမဟုတ်ပေမယ့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်နွယ် ပြီး လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမျိုးနဲ့ ပတ်သက်ရင် ကြားနာ စစ်ဆေးပိုင်ခွင့် သူတို့မှာ ရှိတယ်လို့ နိုင်ငံတကာ ခုံရုံး ICC က စက်တင်ဘာ ၆ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ နေ့လယ် မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ သတင်းမီဒီယာတွေကိုဖိတ်ကြား ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၁၉၇၀ နှစ်များဆီက ထိမိတဲ့ အပြောအဆို ပျက်လုံးတွေနဲ့ ရုပ်ရှင် ပရိသတ်ရဲ့ အသည်းစွဲဖြစ်ခဲ့သူ ဘတ်ရေးနိုးလ်

၄။ ဟောလီးဝုဒ်ရဲ့ နာမည်ကျော် ဘတ်ရေးနိုးလ် ကွယ်လွန်

၁၉၇၀ နှစ်များဆီက ထိမိတဲ့ အပြောအဆို ပျက်လုံးတွေနဲ့ ရုပ်ရှင် ပရိသတ်ရဲ့ အသည်းစွဲဖြစ်ခဲ့သူ အော်စကာဆု စာရင်းတင်သွင်းခံရသူ ဘတ်ရေးနိုးလ်ဟာ အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူဟာ ဖလော်ရီဒါ ဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သူ့မိသားစု ကြေညာခဲ့ပါတယ်။

နှုတ်ခမ်းမွေး ဖက်ရှင်နဲ့ နာမည်ကျော်ဟာ နှလုံးသွေးကြော ခွဲစိတ်မှုကို ၂၀၁၀ မှာ လုပ်ခဲ့ရပြီး ကွင်းတန်ဆိုတဲ့ သားတဦး သူကွယ်လွန်ချိန်မှာ ကျန်ခဲ့ပါတယ်။

သူ့ကွယ်လွန်မှုအတွက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်တွေက ဝမ်းနည်းကြေကွဲကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

လူငယ်တွေ ကြား ဂိမ်းကို အလွန်အမင်းစွဲလန်းနေတာကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့စည်းမျဉ်းအသစ်တခု စတင်မိတ်ဆက်

၅။ တရုတ်မှာ ဂိမ်းကစားသူတွေကို အသက်ကန့်သတ်တော့မယ်

တရုတ်နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Tencent က တိုင်းပြည်အတွင်းက လူငယ်တွေ ကြား ဂိမ်းကို အလွန်အမင်းစွဲလမ်းနေတာကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့အတွက် အရွယ်မရောက်သေးသူတွေကို ရွေးထုတ်နိုင်မယ့် စည်းမျဉ်းအသစ်တခုကို စတင်မိတ်ဆက်လိုက်ပါတယ်။

စက်တင်ဘာလလယ်ပိုင်းကစပြီး သူတို့ရဲ့နာမည်ကျော် ဂိမ်းတခုဖြစ်တဲ့ Honour of Kings ဂိမ်းကိုဆော့ဖို့ အတွက်ဆိုရင် နာမယ်အစစ်အမှန်နဲ့ပဲ စာရင်းသွင်းပြီး ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီအချက်အလက် ဖြည့်သွင်းတာကိုလည်း တရုတ်နိုင်ငံအစိုးရဆီမှာရှိတဲ့ လူထုရဲ့လုံခြုံရေးဆိုင်ရာ ကိုယ်ရေး အချက်အလက်တွေနဲ့ ချိတ်ဆက်ပြီး မှန်အောင်လုပ်သွားမှာလည်းဖြစ်ပါတယ်။

ဒီနည်းက ကလေးသူငယ်တွေကို သူတို့ရဲ့ အချိန်တွေကို ဂိမ်းကစားတာနဲ့ မကုန်ဆုံးစေဖို့ ခွဲခြားစစ်ထုတ် နိုင်မှာဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့အကြီးဆုံး ဂိမ်းကစားနည်းဈေးကွက်ထဲမှာ ပထမဆုံးလုပ်ဆောင်မယ့် နည်းလမ်းတခုဖြစ်လာ ပါတယ်။