အိုင်စီစီ ဆုံးဖြတ်ချက် မြန်မာပယ်ချ

rohingya ဓာတ်ပုံ မူပိုင် DIBYANGSHU SARKAR
Image caption ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

အိုင်စီစီက သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အစုလိုက် ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေးဟာ စုံစမ်းဖော်ထုတ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရရဲ့ သဘောထားကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်ကြောင်း၊ ဒီလို မှားယွင်း စစ်ဆေးဆုံးဖြတ်ချက်ကို လက်မခံကြောင်း မြန်မာ အစိုးရဘက်က တုံ့ပြန်ခဲ့ပါတယ်။

ရောမ စာချုပ်ကို လက်မှတ်ထိုးမထားတဲ့ မြန်မာ နိုင်ငံအနေနဲ့ ဒီဆုံးဖြတ်ချက်ကို လိုက်နာစရာ မလိုဘူးလို့လည်း သမ္မတရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီအချိန်မှာပဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပူးပေါင်းပြီး ထွက်ပြေးသွားတဲ့ ဒုက္ခသည် ပထမအသုတ်ကို မကြာခင် ပြန်လက်ခံ မယ်လို့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မီဒီယာကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် ပထမအသုတ်ကို မကြာခင် ပြန်လက်ခံ မယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ၃ဝဝဝ ကို မကြာခင်ပြန်ပို့တော့မယ်လို့ ဦးဇော်ဌေး က ပြောတာပါ။

အချိန်အတိအကျ မသိရပေမယ့် အမြန်လက်ခံ ဆောင်ရွက်ပေးနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လာမယ့်ရက်ကိုတော့ အတိအကျမသိရသေးပေမယ့် ဒုက္ခသည် တွေပြန်လာနေထိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တို့နဲ့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ် လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက်တွေ လွှတ်ဖို့ မြန်မာသံရုံးတွေရှေ့ ဆန္ဒပြ

နေပြည်တော်မှာ လုပ်တဲ့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နဲ့ သတင်း မီဒီယာအဖွဲ့တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ အိုင်စီစီ ဆုံးဖြတ်ချက်အပါအဝင် ရိုက်တာ သတင်းထောက်နှစ်ယောက် အကြောင်းကိုလည်း သတင်းထောက်တွေက မေးမြန်း ကြပါတယ်။

ရိုက်တာ သတင်းထောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် နဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်နေပါတယ်။

သူတို့ လွတ်မြောက်ဖို့နဲ့ ဘာတွေ ကူညီ ဆောင်ရွက်ပေး နိုင်မလဲလို့ သတင်းထောက်တွေ မေးကြည့်တဲ့အခါမှာတော့ ဒီမိုကရေစီ ကူးပြောင်းတဲ့ ကြားကာလ စီမံမှု အဖြစ် အစိုးရနဲ့ မီဒီယာတွေ ဘက်က နားလည်ပေးဖို့ လိုတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင်တချို့ကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းအပေါ် တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က စွပ်စွဲလိုက်ပြီး အိုင်စီစီမှာ ရုံးတင်စစ်ဆေးဖို့ တိုက်တွန်း ထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံတကာ ရာဇဝတ်ခုံရုံးထုတ်ပြန်ချက်ကို တုံ့ပြန်မယ်