မြန်မာအစိုးရကို ICC တင်ဖို့ နီးစပ်လာပြီလား

ဓာတ်ပုံ ရင်းမြစ်, AFP
လုံခြုံရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့တာကြောင့် လူသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ဆို
ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးသွားအောင် မြန်မာက လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ကြားနာ စစ်ဆေးကောင်း စစ်ဆေးနိုင်တယ် ဆိုပြီး သည်ဟိတ်ဂ် မြို့ အခြေစိုက် ICC မှုခင်း အကြိုရုံးတော်က စက်တင်ဘာလ ၆ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် ဒီကိစ္စကို စစ်ဆေးပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ပေးဖို့ ICC အမှုလိုက် ရှေ့နေချုပ်က တောင်းဆိုထားတဲ့ အပေါ် တရားသူကြီး သုံးဦးပါ အဖွဲ့က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းအထိ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားတဲ့ ကိစ္စ ဖြစ်တယ် ဆိုတဲ့အချက်ကို ကိုင်စွဲပြီး အခုလို ဆုံးဖြတ်လိုက်တာပါ။
ဒါ့အပြင် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး အဖြစ် စွပ်စွဲချက် ရှိလာရင် ICC အနေနဲ့ စစ်ဆေးပိုင်ခွင့်ကို နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားတယ် ဆိုပြီး ICC ရဲ့ ထုတ်ပြန် ချက်ထဲ ဖော်ပြ ထားပါတယ်။
ဒီကိစ္စကို စွဲချက်တင် စစ်ဆေးနိုင်ရေးမှာ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိမရှိ ဆိုတာကို နောက်ထပ် စစ်ဆေးဖို့ကတော့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။
ICC တင်ဖို့ ဖြစ်လာတဲ့ အစ
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို အာဆာ လက်နက်ကိုင်အဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့အပြီး တပ်မတော်က နယ်မြေ ရှင်းလင်း စစ်ဆင်ရေးတွေ လုပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။
လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေကြောင့် ရိုဟင်ဂျာတွေ ဒီလို ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို "လူအမြောက်အများ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု" အဖြစ် စုံစမ်းစစ်ဆေးသင့် မသင့် ပြီးခဲ့တဲ့ ဧပြီလတုန်းက ICC ရှေ့နေချုပ် Fato Bensouda က တရားသူကြီးတွေကို တင်ပြခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူ ၇ သိန်းလောက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို လူအမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ICC မှာ စစ်ဆေးကြားနာဖို့ အထောက်အထား တင်ပြဖို့ လိုအပ်နေသေး
မြန်မာ အစိုးရဘက်က တုံ့ပြန်ချက်
မြန်မာ အစိုးရဘက်ကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်တဲ့အတွက် ICC ရဲ့ ပြောကြားချက်တွေနဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ထည့်သွင်း စဉ်းစား လုပ်ဆောင်စရာ မလိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ICC မှာ ဘယ်တုန်းကမှ စီရင်ထုံး မရှိတဲ့ နိုင်ငံတကာ သဘောတူ စာချုပ်တွေ၊ ကုလသမဂ္ဂ ပဋိညာဉ်တွေနဲ့ မညီတဲ့၊ ထင်ရာ ဆွဲပြီး ငွေအင်အား သော်လည်းကောင်း၊ တခြားအင်အား သော်လည်းကောင်း ကြီးမားတဲ့ သူတွေရဲ့ ဆွဲဆောင် စည်းရုံးမှုနဲ့ မီဒီယာတွေပေါ်မှာ တဘက်သတ် ဖော်ပြပြီး လုပ်နေတာမျိုးကို ဘယ်လိုမှ လက်ခံလို့ မရဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင် ဖြစ်လို့ ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ICC က တရား စီရင်နိုင်သလိုမျိုး ကမ္ဘာမှာ ဘယ်နိုင်ငံကိုမှ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ဖော်ထုတ်ဖို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ သြဂုတ်လက ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ICJ နိုင်ငံတကာ ဂျုရီလူကြီးများ ကော်မရှင်ရဲ့ စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့အနေနဲ့ ဖေါ်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။
မြန်မာကို ICC တင်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ သဘောထား
ရိုဟင်ဂျာတွေ အလုံးလိုက် အရင်းလိုက် ဝင်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ICC က ဘင်္ဂလားဒေ့ရှ် အစိုးရကို မေးခဲ့တုန်းကတော့ ပြန်တုံ့ပြန် ခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာ ICC ကရော ဘင်္ဂလားဒေ့ရှ်ကပါ ထုတ်ပြောတာမျိုး မရှိဘဲ လျှို့ဝှက်ထားပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေကို ICC တင်ဖို့ ကိစ္စမှာ ဘင်္ဂလားဒေ့ရှ်က ပါဝင် ပတ်သက်ချင်တဲ့ ပုံ မတွေ့ရဘူးလို့ ဘီဘီစီ ဘင်္ဂါလီ ဌာနမှူး ဆာဘီယာ မွတ်ဆတာဖာ က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာ အစိုးရနဲ့ ဆက်ဆံရေး ဆိုးဝါးသွားမှာကို မလိုလားကြောင်း၊ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိလိုနေကြောင်း၊ ဒီနိုင်ငံ ၃ခုစလုံးဟာ မြန်မာနိုင်ငံကို ICC မတင်ချင်တဲ့အတွက် တရုတ်၊ အိန္ဒိယ တို့ရဲ့ အကြံပြုချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က မြန်မာနဲ့ သံတမန်နည်းအတိုင်း သွားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင် ၆ ဦးကို ICC တင်နိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေး အဖွဲ့ ကြိုးပမ်း
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာ
သြဂုတ်လ ၂၇ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက် ခဲ့တဲ့ ကိစ္စတွေ အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် က ထိပ်ပိုင်း က တာဝန် ရှိသူ ခြောက်ဦး ကို လူမျိုးတုံး သတ်ဖြတ်မှု နဲ့ စစ်ဆေး သင့်ကြောင်း နဲ့ အခြား ပြည်နယ်တွေက လူနည်းစု တိုင်းရင်းသားတွေ အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့လည်း စစ်ဆေးသင့်တယ် လို့ ဖော်ပြ ထားပါတယ်။
ရိုဟင်ဂျာ တွေ အပေါ်မှာ ကျူးလွန်တဲ့ လုပ်ရပ် တွေဟာ လုံခြုံရေး အကြောင်းပြ ရှင်းလင်းချက် တွေထက် ကို ပိုမို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီ လုပ်ရပ်တွေ ကြောင့် တပ်မတော် ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ခြောက်ဦး ကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ စစ်ဆေး မှုတွေ လုပ်ဆောင် သင့်ကြောင်း ကိုလည်း ထည့်သွင်း ရေးသား ထားပါတယ်။