စက်တင်ဘာ ၇ ရက် ညချမ်း သိသင့်တဲ့သတင်းများ

သမ္မတရုံး ပြောခွင့်ရ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဘင်္ဂလားဒေ့ရှ်က ပြန်ပို့မယ့် ဒုက္ခသည် ပထမအသုတ်ကို မကြာခင် ပြန်လက်ခံမယ်လို့ ဦးဇော်ဌေးပြော

၁ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ပို့မယ့် ဒုက္ခသည် ၃၀၀၀ ကို မကြာခင် ပြန်လက်ခံမယ်လို့ နေပြည်တော် သတင်းစာ ရှင်းပွဲမှာ ဦးဇော်ဌေးပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀၀ ကို မြန်မာနိုင်ငံကို မကြာခင် ပြန်ပို့တော့ မယ်လို့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က စက်တင်ဘာလ ၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာကို ပြောဆို လိုက်ပါတယ်။

ပြန်လာမယ့်ရက်ကို အတိအကျမသိရသေးပေမယ့် ဒုက္ခသည်တွေ ပြန်လာရင် နေထိုင်ဖို့အတွက် မြန်မာလက်က ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

၂ ။ မြန်မာ အစိုးရကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖွယ် ရှိတယ်လို့ The Hague အခြေစိုက် ICC မှုခင်း အကြိုတရားရုံးက ဆုံးဖြတ်လိုက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူပေါင်း ၇ သိန်းလောက် ရှိတယ်လို့ ကုလသမဂ္ဂ ခန့်မှန်း

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးသွားအောင် မြန်မာက လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ကြားနာ စစ်ဆေးကောင်း စစ်ဆေးနိုင်တယ် ဆိုပြီး ICC ရဲ့ မှုခင်း အကြိုရုံးတော်က စက်တင်ဘာလ ၆ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်တာကြောင့် ဒီကိစ္စကို စစ်ဆေးပိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ပေးဖို့ ICC အမှုလိုက် ရှေ့နေချုပ်က တောင်းဆိုထားတဲ့ အပေါ် တရားသူကြီး သုံးဦးပါ အဖွဲ့က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းအထိ နယ်စပ် ဖြတ်ကျော် ဖြစ်ပွားတဲ့ ကိစ္စ ဖြစ်တယ် ဆိုတဲ့အချက်ကို ကိုင်စွဲပြီး အခုလို ဆုံးဖြတ်လိုက်တာပါ။

၃။ အီရန်၊ ရုရှားနဲ့ တူရကီ သမ္မတ ၃ ဦး တွေ့ဆုံမှုက ဆီးရီးယား ကံကြမ္မာကို ဘယ်လို အဆုံးအဖြတ် ပေးမလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အစ်ဒလစ်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေ

အီရန်၊ ရုရှား နဲ့ တူရကီ နိုင်ငံတွေက သမ္မတ သုံးဦးဟာ တီဟီရန်မြို့မှာ သုံးပွင့်ဆိုင် တွေ့ဆုံ နေကြပြီး ဆီးရီးယားက သူပုန် နောက်ဆုံး ထိန်းချုပ် ထားတဲ့ အစ်ဒလစ် နယ်မြေ ကံကြမ္မာနဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အစ်ဒလစ်ပြည်နယ်အတွက် သံတမန်နည်း ဖြေရှင်းဖို့ ရုရှားနဲ့ တူရကီ တို့အပေါ် နိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ ဒီဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အစ်ဒလစ်ပြည်နယ်မှာ သမ္မတ အာဆာ့တ် တပ်ဖွဲ့တွေရဲ့ အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ရှိနေတာကို ရှောင်လွှဲဖို့ ဒီဆွေးနွေးပွဲက နောက်ဆုံး အခွင့်အလမ်း ဖြစ်ပါတယ်။

၄။ ဂျပန်က ငလျင်ဘေး ကယ်ဆယ်ရေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရွှံ့နွံတွေ အောက် ရောက်နေလို့ ခက်ခက်ခဲခဲ ကယ်ထုတ်နေရ

ဂျပန် နိုင်ငံ မြောက်ဘက် ဟိုကိုင်ဒို ကျွန်းမှာ လူပေါင်း အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ ရတဲ့ အင်းအားပြင်း မြေငလျင် ကြောင့် မြေအောက်မှာ ပိနေတဲ့ အိမ်တွေ က လူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက အဓိကထား ရှာဖွေနေကြပါတယ်။

မြေငလျင်ကြောင့် ပျောက်ဆုံးနေသူက ၂၆ ယောက်ရှိနေပါတယ်။

အက်တူမာ မြို့မှာ အိမ်တွေဟာ အင်မတန်ထူတဲ့ ရွှံ့နွံတွေ အောက် ရောက်နေတဲ့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ခက်ခက်ခဲခဲ တူးဖော်နေရပါတယ်။

ဒီကနေ့မှာ မိုးကြီးမယ်လို့ ခန့်မှန်းထားတဲ့ အတွက် မြေပြိုမှုတွေ ထပ်ဖြစ်နိုင်ပြီး ထိခိုက်ပျက်စီးပြီးသား အဆောက်အဦတွေလည်း ပြိုကျသွားနိုင် တယ်လို့ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။