ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ တိုးချဲ့

ဓာတ်ပုံ ရင်းမြစ်, WCS- Myanmar
ဧရာဝတီလင်းပိုင်
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေကို ဧရာဝတီမြစ်ကြောင်း စီးဆင်းရာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထိ ထပ်မံတိုးချဲ့လိုက်တယ်လို့ WCS - Myanmar (သားငှက်ထိန်းသိမ်းရေးအဖွဲ့ - မြန်မာ) က ပြောပါတယ်။
တိုးချဲ့သတ်မှတ်တဲ့ နေရာတွေက ဧရာဝတီမြစ်ကြောင်း ဖြတ်သန်းစီးရာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ထုံးရဲကျေးရွာ (အရှေ့ဘက်ကမ်း) နဲ့ ဆင်ကုန်တိုင် ကျေးရွာ (အနောက်ဘက်ကမ်း) ကနေ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်ကုန်းကျေးရွာ (အရှေ့ဘက်ကမ်း) နဲ့ ကျွန်းကြီးကျေးရွာ (အနောက်ဘက်ကမ်း) အထိ ဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာလည်း ဧရာဝတီမြစ်ကြောင်း ဖြတ်သန်းစီးရာ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ တူးချောင်းရွာနဲ့ သပြေလှကျေးရွာ (အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း) အထိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ (Ayeyarwaddy Dolphin Protected Area) အဖြစ် တိုးချဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WCS-Myanmar
ဧရာဝတီလင်းပိုင်များ
ဒါဟာ ဧရာဝတီလင်းပိုင်တွေ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ အတွက် ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကပါ စာထုတ်ပြန် သတ်မှတ်ပေးတာ ဖြစ်တယ်လို့ WCS - Myanmar ရဲ့ ဧရာဝတီမြစ်ဝှမ်း ထိန်းသိမ်းရေး တာဝန်ခံ ဦးနိုင်လင်းက ပြောပါတယ်။
အခု ထပ်မံတိုးချဲ့ သတ်မှတ်လိုက်တဲ့ နေရာတွေမှာ ဧရာဝတီလင်းပိုင်တွေ အများဆုံး ကျက်စားတဲ့နေရာ ဖြစ်သလို အကောင်ရေ အများဆုံးရှိတဲ့ နေရာလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း စမ်းစစ်လေ့လာမှုအရ ဧရာဝတီလင်းပိုင် အကောင်ရေဟာ ၇၆ ကောင် ရှိတယ်လို့ ဦးနိုင်လင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WCS- Myanmar
ဧရာဝတီလင်းပိုင်
ဧရာဝတီလင်းပိုင်တွေ အများအားဖြင့် ကျက်စားတဲ့နေရာတွေက မန္တလေးမြို့မှ ကျောက်မြောင်း အကြားမှာ ၂၆ ကောင်၊ မလယ်ရွာ မှ ရွှေကူမြို့ အကြားမှာ ၃၇ ကောင်၊ ဆင်ခန်းမှ ဗန်းမော် အကြားမှာ ၁၃ ကောင် စုစုပေါင်း ၇၆ ကောင် ရှင်သန်ကျက်စား နေတယ်လို့ WCS - Myanmar က ဆိုပါတယ်။
ပထမဆုံး လင်းပိုင်ထိန်းသိမ်းရေး ဧရိယာကို ၂၀၀၅ ခုနှစ်မှာ သတ်မှတ်ခဲ့တာဖြစ်ပြီး မန္တလေးမြို့ မင်းကွန်းမှ ကျောက်မြောင်းအထိ သတ်မှတ်ခဲ့တယ်လို့ ဦးနိုင်လင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင် ကျက်စားတဲ့ နှစ်နေရာရှိပြီး ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်တဲ့ ဧရာဝတီ၊ ရခိုင်နဲ့ တနင်္သာရီဘက်မှာ ဧရာဝတီလင်းပိုင်နဲ့ မန္တလေးကနေ ဗန်းမော် အထိ ကျက်စားတဲ့ ရေချိုလင်းပိုင်ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဧရာဝတီမြစ်မှာ ကျက်စားနေတဲ့ ရေချိုလင်းပိုင်တွေဟာ တကယ်ကို မျိုးတုန်းပျောက်ကွယ်လုနီးပါး စာရင်းမှာ ပါနေပြီး၊ ရှားပါးစာရင်းဝင် ဖြစ်နေတယ်လို့ WCS- Myanmar (သားငှက်ထိန်းသိမ်းရေးအဖွဲ့ - မြန်မာ) ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ထိန်းသိမ်းရေးနယ်မြေအဖြစ် တိုးချဲ့သတ်မှတ်လိုက်တဲ့ နယ်မြေမှာ ဒေသခံငါးဖမ်းသမားတွေ အနေနဲ့ ရေလမ်းကြောင်း ပိတ်ဆို့ချတဲ့ တန်းပိုက်တွေ၊ မြစ်ကြောင်းအတွင်း ကမ်းတစ်ဖက်မှ တစ်ဖက်ကို ပိတ်ထားတဲ့ တန်းပိုက်တွေ၊ အလျား ပေ ၃၀၀ ထက်ပိုတဲ့ မျှောပိုက်တွေ၊ ဘတ္ထရီ၊ ကျင်စက်၊ မီးစက်တွေနဲ့ ရှော့တိုက် ငါးဖမ်းဆီးတာတွေ၊ အဆိပ်ချ၊ မိုင်းခွဲ ငါးဖမ်းဆီးတာတွေ မပြုလုပ်ရဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်သတိပေးထားပါတယ်။