ငြိမ်းချမ်းရေးမှာ အခက်အခဲရှိနေဆဲလို့ KNU ဒုဥက္ကဋ္ဌ ပြော

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ကရင် အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း
NCA လက်မှတ် ရေးထိုးထားတဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ငြိမ်းချမ်းရေးလုပ်ငန်းမှာ အခက်အခဲရှိနေဆဲလို့ ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကအရေးကြီး အစိတ်အပိုင်းဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ သတ်မှတ်ထားတဲ့ Code of Coduct တချို့မရှိလို့ ဘာကို စောင့်ကြည့်လေ့လာရမလဲ ဆိုတာက မေးခွန်းဖြစ်နေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဒ့ါအပြင် ဒီလို ပူးတွဲစောင့်ကြည့်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်မှု မရှိတာတွေရယ်၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကပဲ ပြန်ပြီး စောင့်ကြည့်လေ့လာ နေရတာကလည်း အခက်အခဲ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။
NCA အပေါ် ယုံကြည်မှု နည်းလာလို့ ပြန်လည်သုံးသပ်တာတွေ ရှိနေတယ်ဆိုတဲ့အပေါ် NCA ကို ယုံကြည်လို့ လက်မှတ် ရေးထိုးခဲ့တာဖြစ်လို့ မယုံကြည်တာ မဟုတ်ဘဲ အကောင်ထည်ဖော်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိနေတာကိုသာ ပြန်သုံးသပ်ရမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
NCA အပေါ်မှာ နားလည်မှု၊ အဓိပ္ပာယ် ဖော်ဆောင်မှု၊ ယူဆမှု မတူတာတွေက အခက်အခဲ တစ်ခုဖြစ်ပြီး အဲဒါတွေကို တွေ့ဆုံပြီး အမြင်တွေ ဆွေးနွေးရမယ်လို့လည်း သူက ပြောပါတယ်။
NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အင်အား အကြီးဆုံးလည်းဖြစ်တဲ့ KNU တပ်ဖွဲ့တချို့နဲ့ အစိုးရစစ်တပ်အကြား အခုရက်ပိုင်း ပြန်လည် ထိတွေ့မှုတွေ ရှိနေတာနဲ့ ပတ်သတ်ပြီး KNU နဲ့ဆိုင်တဲ့ တပ်ရင်းကိစ္စတွေကို အဖွဲ့ထဲမှာ ပြန်သုံးသပ်နေတယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှေးကွေးနေအပေါ် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အနေနဲ့ ဒီထက်ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တာကို အခုမှ ဆွေးနွေး အဖြေရှာကြတာဖြစ်ပြီး တဦးနဲ့တဦး ယုံကြည်မှုကလည်း မပြည့်ဝ၊ လုပ်ငန်း ကျွမ်းကျင်မှုလည်းမရှိ၊ စိုးရိမ်သံသယတွေ ရှိနေတာကလည်း အခက်အခဲ ဖြစ်ရတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ NCA-S EAO PPST (၂၄) ကြိမ်မြောက် အစည်းအဝေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ NCA-S EAO PPST (၂၄) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၆ ရက်က စတင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်လျက် ရှိပါတယ်။
အဲဒီအစည်းအဝေးကို တိုင်းရင်းသားအဖွဲ့တွေက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေး နေကြတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးနဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework for Political Dialogue) ပြန်လည် သုံးသပ်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကိစ္စရပ်တွေ၊ အလွတ်သဘော ဆွေးနွေးမှုဆိုင်ရာ ကိစ္စရပ်တွေ အပါအဝင် NCA-S EAO ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (3rd NCA-S EAO Summit) ကို စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက် အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်သွားမယ်လို့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

NCA စာချုပ်ကို တပ်မတော်ချိုးဖောက်တယ်လို့ KNU စွပ်စွဲ
ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလမှာ တပ်မတော်က ထိန်းသိမ်းကြပ်မတ်သွားဖို့ ကေအန်ယူ သတိပေးပြီ