စက်တင်ဘာ ၈ ရက် ညနေပိုင်း သိသင့်တဲ့သတင်းများ

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ NCA-S EAO PPST (၂၄) ကြိမ်မြောက် အစည်းအဝေး ဓာတ်ပုံ မူပိုင် NCA-S EAO
Image caption ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ NCA-S EAO PPST (၂၄) ကြိမ်မြောက် အစည်းအဝေး

(၁) ငြိမ်းချမ်းရေးမှာ အခက်အခဲရှိနေဆဲလို့ KNU ဒုဥက္ကဌ ပြော

NCA လက်မှတ် ရေးထိုးထားတဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ငြိမ်းချမ်းရေးလုပ်ငန်းမှာ အခက်အခဲရှိနေဆဲလို့ ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကအရေးကြီး အစိတ်အပိုင်းဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ သတ်မှတ်ထားတဲ့ Code of Coduct တချို့မရှိလို့ ဘာကို စောင့်ကြည့်လေ့လာရမလဲ ဆိုတာက မေးခွန်းဖြစ်နေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒ့ါအပြင် ဒီလို ပူးတွဲစောင့်ကြည့်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်မှု မရှိတာတွေရယ်၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကပဲ ပြန်ပြီး စောင့်ကြည့်လေ့လာ နေရတာကလည်း အခက်အခဲ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

NCA အပေါ် ယုံကြည်မှု နည်းလာလို့ ပြန်လည်သုံးသပ်တာတွေ ရှိနေတယ်ဆိုတဲ့အပေါ် NCA ကို ယုံကြည်လို့ လက်မှတ် ရေးထိုးခဲ့တာဖြစ်လို့ မယုံကြည်တာ မဟုတ်ဘဲ၊ အကောင်ထည်ဖော်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိနေတာကိုသာ ပြန်သုံးသပ်ရမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

NCA အပေါ်မှာ နားလည်မှု၊ အဓိပ္ပာယ် ဖော်ဆောင်မှု၊ ယူဆမှု မတူတာတွေက အခက်အခဲ တစ်ခုဖြစ်ပြီး အဲဒါတွေကို တွေ့ဆုံပြီး အမြင်တွေ ဆွေးနွေးရမယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် WCS-Myanmar
Image caption ဧရာဝတီလင်းပိုင်များ

(၂) ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ တိုးချဲ့

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေကို ဧရာဝတီမြစ်ကြောင်း စီးဆင်းရာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထိ ထပ်မံတိုးချဲ့လိုက်တယ်လို့ WCS - Myanmar (သားငှက်ထိန်းသိမ်းရေးအဖွဲ့ - မြန်မာ) က ပြောပါတယ်။

တိုးချဲ့သတ်မှတ်တဲ့ နေရာတွေက ဧရာဝတီမြစ်ကြောင်း ဖြတ်သန်းစီးရာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ထုံးရဲကျေးရွာ (အရှေ့ဘက်ကမ်း) နဲ့ ဆင်ကုန်တိုင် ကျေးရွာ (အနောက်ဘက်ကမ်း) ကနေ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်ကုန်းကျေးရွာ (အရှေ့ဘက်ကမ်း) နဲ့ ကျွန်းကြီးကျေးရွာ (အနောက်ဘက်ကမ်း) အထိ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာလည်း ဧရာဝတီမြစ်ကြောင်း ဖြတ်သန်းစီးရာ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ တူးချောင်းရွာနဲ့ သပြေလှကျေးရွာ (အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း) အထိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ (Ayeyarwaddy Dolphin Protected Area) အဖြစ် တိုးချဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ထိန်းသိမ်းရေးနယ်မြေအဖြစ် တိုးချဲ့သတ်မှတ်လိုက်တဲ့ နယ်မြေမှာ ဒေသခံငါးဖမ်းသမားတွေ အနေနဲ့ ရေလမ်းကြောင်း ပိတ်ဆို့ချတဲ့ တန်းပိုက်တွေ၊ မြစ်ကြောင်းအတွင်း ကမ်းတစ်ဖက်မှ တစ်ဖက်ကို ပိတ်ထားတဲ့ တန်းပိုက်တွေ၊ အလျား ပေ ၃၀၀ ထက်ပိုတဲ့ မျှောပိုက်တွေ၊ ဘတ္ထရီ၊ ကျင်စက်၊ မီးစက်တွေနဲ့ ရှော့တိုက် ငါးဖမ်းဆီးတာတွေ၊ အဆိပ်ချ၊ မိုင်းခွဲ ငါးဖမ်းဆီးတာတွေ မပြုလုပ်ရဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အလီဘာဘာရဲ့ ပဲ့ကိုင်ရှင် ဂျက်မား

(၃) အလီဘာဘာရဲ့ ပဲ့ကိုင်ရှင် ဂျက်မား တည်ထောင်သူအဖြစ်ကနေ နှုတ်ထွက်

တရုတ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတဦးဖြစ်တဲ့ ဂျက်မားဟာ အလီဘာဘာရဲ့ e-commerce အင်ပါယာမှာ အမှုဆောင်အရာရှိချုပ်ကနေ အမှုဆောင်ဥက္ကဌ တယောက်အနေနဲ့ပဲ တာဝန်ယူတော့မှာ ဖြစ်တယ်လို့ တနင်္လာနေ့က နယူးယောက်တိုင်းမ်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အလီဘာဘာရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တဦး အနေနဲ့ ရှိနေဦးမှာဖြစ်ပြီး ပညာရေးဆိုင်ရာ ပရဟိတလုပ်ငန်းတွေကိုပဲ အဓိက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး အင်တာနက် ကုမ္ပဏီတခုဖြစ်လာခဲ့တဲ့ အလီဘာဘာကုမ္ပဏီကို ၁၉၉၉ ခုနှစ်က မစ္စတာဂျက်မားက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်း ဈေးရုံ ၊ ရုပ်ရှင်ထုတ်လုပ်တာတွေ အပါအဝင် အလီဘာဘာရဲ့ ဈေးကွက်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ရှိနေပါပြီ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် Rap အဆိုတော် မက်မစ်လာ

(၄) အသက် ၂၆ နှစ်အရွယ် အမေရိကန် Rap အဆိုတော် မက်မစ်လာ သေဆုံး

အမေရိကန် Rap အဆိုတော် မက်မစ်လာတစ်ယောက် ကယ်လီဖိုးနီးယားက နေအိမ်မှာ သေဆုံးနေတာကို တွေ့ရတယ်လို့ သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိက အတည်ပြုပါတယ်။

အသက် ၂၆ နှစ် အရွယ် Rap အဆိုတော် မက်မစ်လာဟာ ဆေးလွန်ပြီး သေဆုံးတာ ဖြစ်နိုင်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ပြောပါတယ်။

သူရဲ့အမည်ရင်းက Malcolm James McCormick ဖြစ်ပြီး သူ အသက် ၁၉ နှစ် အရွယ် ၂ဝ၁၁ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Blue Slide Park တေးအယ်လ်ဘမ်နဲ့ နာမည်ကျော် လူသိထင်ရှားလာတဲ့ အမေရိကန် Rapper တစ်ယောက်လည်း ဖြစ်ပါတယ်။

မက်မစ်လာရဲ့ နောက်ဆုံး တေးအယ်လ်ဘမ်ဖြစ်တဲ့ Swimming အယ်လ်ဘမ်ကိုတော့ ဒီနှစ်စောပိုင်းမှာ ဖြန့်ချိခဲ့ပြီး အရောင်းမြှင့်တင် ဖျော်ဖြေရေးခရီးတွေကိုလည်း သွားရောက်ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။