မြန်မာ့ ခရီးသွားလုပ်ငန်း ကျဆင်း

နိုင်ငံခြား ခရီးသွားတွေ ဆွဲဆောင်ရာ ပျူ သရေခတ္တရာ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ,

နိုင်ငံခြား ခရီးသွားတွေ ဆွဲဆောင်ရာ ပျူ သရေခတ္တရာ

မြန်မာနိုင်ငံမှာ လည်ပတ်စရာပေါများတဲ့ သဘာဝပတ်ဝန်းကျင်တွေရှိနေပေမယ့် အခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းတွေက ကျဆင်းနေတယ်လို့ ခရီးသွား လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ပြောပါတယ်။

မကြာမီ မိုးရာသီ ကုန်ဆုံးတော့မယ် ဆိုပေမယ့် ပွင့်လင်းရာသီမှာ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်တွေနဲ့ ဧည့်လမ်းညွန် တွေမှာ လည်း ကြိုတင် အမှာစာတွေ မရောက်လာသေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ကျတာကြောင့် အစိုးရ၊ လုပ်ငန်းရှင်တွေထက် ဟိုတယ်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ၊ လက်လုပ် လက်စားတွေနဲ့ ခရီးသွားလုပ်ငန်းမှာ တစိတ်တဒေသ ပါဝင်သူတဲ့သူတွေက ထိခိုက်မှုတွေ ရှိတယ်လို့ သူက ပြောပါတယ်။

ဒီလို ကျဆင်းရတဲ့အကြောင်းအရင်းက ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ပျံ့နှံ့ခဲ့တဲ့ သတင်းတွေ ကြောင့် နိုင်ငံတကာ ခရီးသွား တွေ မြန်မာကို မလာလည်တော့တာလို့လည်း ခရီးသွား လုပ်ငန်းရှင်တွေက ဆိုပါတယ်။

လက်ရှိမှာ ကျဆင်းနေတဲ့ ခရီးသွားလုပ်ငန်းကို ပြန်မြင့်တက်ဖို့ နည်းအမျိုးမျိုးနဲ့နဲ့ ကြိုးပမ်းနေသလို မြန်မာနိုင်ငံကို အများဆုံး လာတဲ့ အရှေ့တောင်အာရှက ဧည့်သည် တွေကို ပိုပြီးဖိတ်ခေါ်နိုင်ဖို့ အရှေ့မျှော်မူဝါဒနဲ့ ကြိုးစားနေတယ်လို့ ဦးသက်လွင်တိုးက ပြောပါတယ်။

ဥရောပက ခရီးသည်တွေ ဝင်ရောက်တာ နည်းသွားနိုင်
ဓာတ်ပုံ ပုံစာ,

ဥရောပက ခရီးသည်တွေ ဝင်ရောက်တာ နည်းသွားနိုင်

ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်မယ်ဆိုရင် ဒီနှစ်မှာ ဥရောပခရီးသွားတွေ လျော့ပေမယ့် အရှေ့တောင်အာရှ ခရီးသွားတွေ တိုးလာတာကြောင့် ရာခိုင်နှုန်းအရ ၂ ရာခိုင်နှုန်း လောက်ပဲ ကွာခြားမှုရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီး ဌာန စာရင်းတွေ က ဖော်ပြပါ တယ်။

ဒါပေမယ့် တန်ဖိုးတွေပါ တွက်ချက်မယ် ဆိုရင်တော့ အရှေ့မျှော်ဝါဒနဲ့ ကြိုးစား နေပေမယ့် လုံလောက်မှု မရှိသလို အခုလက်ရှိ အရှေ့တောင်အာရှ ခရီးသွား အများစုက Zero Package တွေကို သုံးတာများတယ်လို့ ဆိုပါတယ်။

Zero Packageဆိုတာ သူတို့လူမျိုး လေကြောင်းလိုင်း၊ သူတို့ ဧည့်လမ်းညွန်နဲ့ မြန်မာမှာရှိတဲ့ သူတို့ လူမျိုးဆိုင်တွေမှာ စားသောက်ပြီး သူတို့နိုင်ငံဆီပဲ ဝင်ငွေ ပြန်ပါသွားအောင် လုပ်တာဖြစ်ပါတယ်။

ဒါ့ကြောင့် အရှေ့မျှော်ဝါဒသာမက အနောက်မျှော်ဝါဒကိုပါ ကျင့်သုံးသင့်တယ်လို့ ဦးသက်လွင်တိုးက ပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်ဆိုရင် ကုန်ကျစရိတ်က ကြီးမြင့်သလို ခရီးသွားလုပ်ငန်း ပြန်ကောင်းဖို့ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မူဝါဒတွေ အကောင်ထည်ဖော်နေတဲ့ အစိုးရအနေနဲ့လည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ခဏခဏ မပြောင်းလဲသင့်ဘူးလို့လည်း ဦးသက်လွင်တိုးက ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဇူလိုင်လကုန်အထိ တရုတ်ခရီးသွား၁၅ သိန်းဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်း တိုးတက်လာပေမယ့် ဥရောပနဲ့တခြားနိုင်ငံက ခရီးသည်ဝင်ရောက်မှုကတော့ ကျဆင်းနေ ဆဲဖြစ်ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ အရေးကြီးဆုံးက မြန်မာနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ သတင်းတွေကို တုံ့ပြန် ဖြေရှင်းဖို့ လိုတယ်လို့ ခရီးသွား လုပ်ငန်း ရှင်တွေက သုံးသပ်ကြပါတယ်။