လွှတ်တော်ကိုပေးတဲ့ ကတိ ၆၀ ရာခိုင်နှုန်း အစိုးရ ဆောင်ရွက်နိုင်

ဓာတ်ပုံ မူပိုင် MYANMAR UNION PARLIAMENT FACEBOOK
Image caption အလားတူ စားရေးသားတောင်းဆိုတဲ့ ကြယ်ပွင့်မပြမေးခွန်း ၉၀ဝ ကျော်မှာ ဝန်ကြီးဌာနတွေက ဆောင်ရွက်ပေးမယ်လို့ ကတိပြု ခဲ့တာ ၃၀၅ ခု ရှိခဲ့ပေမဲ့ ၁၀ဝ ကျော်သာ ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အစိုးရအဖွဲ့က လွှတ်တော်ကိုပေးထားတဲ့ ကတိတွေထဲက ၆၀ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပေးနိုင်တယ်လို့ ပြည်သူ့ လွှတ်တော်ရဲ့ အစိုးရရဲ့ အာမခံချက်များ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာနတို့က ကတိကဝက် အများဆုံးပျက်တဲ့ ဝန်ကြီး ဌာနတွေလို့ ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်များ ကတိများနဲ့ တာဝန်ခံချက်များ ကော်မတီ အဖွဲ့ဝင် ဒေါ်ခင်စောဝေက ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနလည်း ကတိအတိုင်းဆောင်ရွက်မပေးနိုင်တဲ့ ဝန်ကြီးဌာနထဲမှာ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ပဉ္စမ အကြိမ် ပုံမှန်အစည်းအဝေးတွင်း လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်ကနေတဆင့် မေးခွန်း မေးပြီး တောင်းဆိုတဲ့ ဖြစ်ရပ် ၃၁၀ ရှိခဲ့ရာမှာ ဝန်ကြီးဌာနက ၅၃ ခု ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် ၁၃ ခုသာပြီးအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စာရေးသားတောင်းဆိုတဲ့ ကြယ်ပွင့်မပြမေးခွန်း ၉၀ဝ ကျော်မှာ ဝန်ကြီးဌာနတွေက ဆောင်ရွက်ပေးမယ်လို့ ကတိပြု ခဲ့တာ ၃၀၅ ခု ရှိခဲ့ပေမဲ့ ၁၀ဝ ကျော်သာ ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အများစုကတော့ သတ်မှတ်ထားတဲ့ ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ဆောင်ရွက်ဆဲတွေ များနေတာလို့ ကော်မတီဝင် တချို့က ပြောပါတယ်။

ကတိပေးပြီး မပြီးပြတ်တဲ့ လုပ်ငန်းတွေ အတွက် နောင်မှာ ဖြေရှင်းချက် ပေးရမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးစိုင်းသန့်ဇင်က ပြောပါတယ်။

တချို့က ဘဏ္ဍာရေး ကန့်သတ်ချက်တွေကြောင့် ပြီးစီးအောင် မလုပ်နိုင်သလို၊ ကော်မတီအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ပေးမယ်လို့ ကတိပေးထားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုလည်း မေးမြန်းတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ်ကိုယ်ရရှိမယ့် အသုံးစရိတ်နဲ့ တိုင်းတာပြီး လုပ်ပေးနိုင်တဲ့ကိစ္စကိုသာ ကတိပေးဖို့နဲ့ ကတိ ပေးပြီးသား လုပ်ငန်းတွေကို ပြီးစီးအောင် ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့ မဲဆန္ဒနယ် အတွက် လိုအပ်ချက် တွေကို လွှတ်တော်မှာ မေးခွန်းမေး တင်ပြ တောင်းဆိုတာရှိသလို လွှတ်တော်မှာ မေးခွန်းမမေးဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို စာရေးသားပေးပို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

ဒီလိုတောင်းဆိုတဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လုပ်ပေးနိုင်တာကို လုပ်ပေး မယ်လို့ ကတိပေးသလို မလုပ်ပေးနိုင်တဲ့ ကိစ္စကိုလဲ မလုပ်ပေးနိုင်တဲ့ အကြောင်း ပြန်လည် ဖြေကြားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ