အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ဆက်လုပ်မယ်

မြစ်ငယ်မြစ် ဓာတ်ပုံ မူပိုင် 2ND SESSION HLUTTAW AFFAIRS - SNLD FACEBOOK
Image caption မြစ်ငယ်မြစ်

ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေ ရှိနေတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ဆက်လက် လုပ်ဆောင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်မှာ ပြောပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းဟာ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး ပြင်ပစီမံကိန်းမှာ ပါဝင်နေပြီး ၂၀၁၀ - ၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အပြီး တည်ဆောက်ဖို့ လျာထားတယ်လို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်ဆောင်ရွက်ဖို့ အတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ဘီလီယံ ၃ သောင်း ၂ ထောင်ကျော် တောင်းခံခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ်။

မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်မယ့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းဟာ ပွင့်လင်းမြင်သာမူ့ မရှိတာရယ်၊ ဒေသခံတွေက လက်မခံတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဒေသခံတွေ တွေ့ဆုံပြီး စီမံကိန်းရပ်တန့်ထားဖို့ မကြာသေးခင်က ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ဒီစီမံကိန်းအတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ တောင်းခံထားတဲ့ ဘတ်ဂျက်ကို ဖြတ်တောက်ပြီး စီမံကိန်း လုပ်ငန်းတွေကို ဆိုင်းငံပေးဖို့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

စီမံကိန်းဆက်လုပ်ဖို့ ရွာသားတွေရဲ့ သဘောထားနဲ့အညီ နေရာသစ် ရွေးထားတယ် ပြောတယ်။ ဒါပေမယ့် ရွာသားတွေက အဲဒီနေရာဟာ သူတို့နှစ်သက်တဲ့နေရာ မဟုတ်ဘူး ပြောတယ်။ ရွေးထားတဲ့ နေရာတွေက ပိုင်ရှင်တွေရှိတဲ့ နေရာတွေဆိုတော့ ဒီလိုနေရာ ရွှေ့လိုက်ယုံနဲ့ ပြသာနာတွေက ပြီးသွားမှာ မဟုတ်ဘူးလို့ ဦးသန့်ဇင်က ပြောပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး အခုအခါမှာ ၃၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ ဒီစီမံကိန်းကနေ လျှပ်စစ်ဓါတ်အား ၂၈၀ မီဂါဝပ် ထုတ်လုပ်နိုင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

အစိုးရအဖွဲ့အနေနဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မူ့၊ လူမူ့ဘ၀ ထိခိုက်မှု စတဲ့ လုပ်ငန်းတွေကို စနစ်တကျ မလုပ်ခဲ့သလို စီမံကိန်းနဲ့ မလွတ်ကင်းတဲ့နေရာက ဒေသခံတွေ ပြောင်းရွေ ရမယ့် နေရာဟာ ဒေသခံတွေက လက်မခံနိုင် ဖြစ်နေတာကြောင့် ဒီစီမံကိန်းကို ရပ်ထားပြီး ဒေသခံတွေနဲ့ ပြည်လည်ညှိနှိုင်းဖို့လွှတ်တော်ကိုယ်စားလှယ် တချို့က တောင်းဆိုနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ