ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်တဲ့လုပ်ငန်း အပြီးရပ်ဆိုင်း

လေးဦး အသက်ဘေးကလွတ်လာ ဓာတ်ပုံ မူပိုင် KYAW MYINT
Image caption လေးဦး အသက်ဘေးကလွတ်လာ

မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အတွင်း ပိတ်မိနေတဲ့ လူ ၄ ယောက်ကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ကိုင် နေတဲ့ လုပ်ငန်းမှာ အန္တရာယ်ရှိလို့ဆိုပြီး စနေနေ့က လုပ်ငန်းတွေကို အပြီးရပ်ဆိုင်း လိုက်တယ်လို့ ဆောမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမြဝင်းက ပြောပါ တယ်။

တွင်းထဲ ဝင်ရောက်ရာမှာ ပေ ၄၀၀ အရောက် အောင်ဆီဂျင် နည်းလွန်းပြီး လူကို အန္တရာယ် ဖြစ်စေတဲ့ မီသိန်းဓာတ်ငွေ့ ပမာဏ များတာရယ်၊ တွင်းထဲက နေရာ တချို့မှာ မြေတွေ ဆက်တိုက်ပြိုကျလို့ ပြန်ထွက်လာကြပြီး အခြေအနေ အရပ်ရပ်ကို စစ်ဆေး သုံးသပ်ပြီး လုပ်ငန်း ရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြေပြိုကျ ပိတ်မိနေတဲ့ နေရာက ကျောက်မီးသွေးတွင်းရဲ့ အတွင်းပေ ၆၀၀ အကွာမှာ ဖြစ်ပေါ်နေပြီး စနေနေ့ မနက်ပိုင်း ၁၀ နာရီခန့်က သတ္တုတွင်း ဦးစီး ဌာနက ကျွမ်းကျင်း အရာရှိ ဝန်ထမ်း ၃ ယောက်နဲ့ ကျောက်မီးသွေးတွင်း လုပ်သား ၈ ယောက်က ကယ်ဆယ်ရေး လုပ်ကိုင်ဖို့ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဦးမြဝင်းက ပြောပါတယ်။

ထွန်းရာဇာ ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဆောမြို့နယ်က ကျောက်မီးသွေးတွင်းမှာ စက်တင်ဘာလ ၆ ရက်က ကျောက်မီးသွေး တွင်း အလုပ်သမား ၁၂ ယောက်နဲ့ အလုပ် လုပ်နေတုန်း ပေါက်ကွဲပြိုကျ ခဲ့တာပါ။

ပေါက်ကွဲ မှုကြောင့် လုပ်သား ၄ ယောက် သေဆုံး ခဲ့ပြီး၊ ၄ ယောက်က တွင်းထဲ ပိတ်မိကာ ၁ ယောက် ကတော့ အပြင်းအထန် ဒဏ်ရာ ရရှိသွားပါတယ်။ အသက်ရှင်သူ ၃ ယောက်ကို ကယ်ဆယ် နိုင်ခဲ့ တယ်လို့ ဦးမြဝင်းက ပြောပါတယ်။

ကျောက်မီးသွေးတွင်း ပေါက်ကွဲ ပြိုကျမှု ဖြစ်တာက စက်တင်ဘာလ ၆ ရက် ကတည်းက ဖြစ်လို့ အသက်ရှင်လျက် ကယ်ထုတ် နိုင်ဖို့ မျှော်လင့်ချက် နည်းပါး လွန်းတယ်လို့ သူက ပြောပါတယ်။

ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ သေဆုံး ခဲ့တဲ့ လုပ်သား တစ်ယောက်ကို ကုမ္ပဏီက ထောက်ပံ့ငွေ ကျပ်သိန်း ၈၀ ကို ကျန်ရစ်သူ မိသားစုကို ပေးအပ် ခဲ့တယ်လို့ ဆောမြို့နယ်ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးထင်လင်းက ပြောပါတယ်။

ကုမ္ပဏီက သေဆုံးသူ တယောက် အတွက် ကျပ်သိန်း ၂၀ စီကို စက်တင်ဘာ ၈ ရက်မှာ ပေးထားပြီး ကျန်ရှိနေတဲ့ ကျပ်သိန်း ၆၀ စီကို ဘဏ်ဖွင့်ရက် စက်တင်ဘာ ၁၀ ရက်မှာ ဆက်ပေး အပ်မယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KYAW MYINT
Image caption ကျောက်မီးသွေးတွင်းထဲက လူတွေ ကယ်ထုတ်နေစဉ်

သေဆုံးသူ ကျောက်မီးသွေးတွင်း လုပ်သားတွေဟာ စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ယင်းမာပင် ဘက်က လာရောက် လုပ်ကိုင် ကြတာ ဖြစ်ပြီး စနေနေ့ အထိ သေဆုံး ပိတ်မိနေသူ ၈ ယောက်ထဲက ၅ ယောက်ရဲ့ မိသားစုဝင်တွေနဲ့သာ ဆက်သွယ်လို့ ရသေးတယ်လို့ ဦးထင်လင်းက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်မီးသွေးတွင်း ကုမ္ပဏီရဲ့ သတ္တူတူးဖော်ရေး တာဝန်ခံကို ပေါ့လျော့မှု၊ လူသေမှု၊ ပြင်းထန် နာကျင်စေမှုတွေနဲ့ ဆောမြို့နယ် မြို့မ ရဲစခန်းမှာ အမှု ဖွင့်ထားတယ်လို့ သူက ပြောပါတယ်။

ဆောမြို့နယ်မှာ အခုလို လူသေဆုံးရတဲ့ အထိ ကျောက်မီးသွေးတွင်း ပေါက်ကွဲတာက ပထမဆုံး ဖြစ်သလို ပြည်တွင်း လုပ်ငန်းရှင် ပိုင်ဆိုင်တဲ့ ထွန်းရာဇာ ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှာ တူးဖော် လုပ်ကိုင်ခွင့် ရခဲ့ပြီး ၂၀၁၇ ခုနှစ်မှသာ လုပ်ငန်း စတင် လုပ်ကိုင်တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှုး ဦးမြဝင်းက ပြောပါတယ်။