ဖုယွင်အလုပ်သမားတွေကို အလုပ်ပြန်ခန့်ရေး အခြားအလုပ်သမားသမဂ္ဂတွေက ဆန္ဒထုတ်ဖော်

မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအသီးသီးက အလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHARKHINMGWIN

ဓာတ်ပုံ ပုံစာ,

မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအသီးသီးက အလုပ်သမားတွေ

အလုပ်ထုတ်ခံရတဲ့ ဖုယွင် အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ကိုယ်စား ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းက အလုပ်သမား သမဂ္ဂတွေက မြို့တော် ခန်းမရှေ့မှာ စနေနေ့က ( စက်တင်ဘာ ၉ ရက်) ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က စက်ရုံ တာဝန် ရှိသူတွေဘက်က အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် စုစုပေါင်း လူ ၃၀ ကို အလုပ် ထုတ်ခဲ့တဲ့ အတွက် ဒီ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့ အတွက် ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း က အလုပ်သမား သမဂ္ဂတွေနဲ့ ဒေသခံ အချို့ပါ ပါဝင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

' ' ကျွန်မတို့က စက်ရုံရှေ့မှာ သပိတ်ပြနေတာမို့ ဆန္ဒပြပွဲမှာ ကျမတို့ စက်ရုံက တယောက်မှ မပါဘူး။ တခြား အလုပ် သမား သမဂ္ဂတွေနဲ့ ဝန်းရံတဲ့ သူတွေ ပေါင်းပြီး ပြကြတာ။ ခုလောလောဆယ် ထိလည်း ကျွန်မတို့ တောင်းဆိုချက်တွေက မပြေလည်သေးဘူး။ အဓိက အချက်က အလုပ်ပြန်ခန့်ဖို့နဲ့ ဥပဒေပါ အတိုင်း အလုပ်သမား အခွင့်အရေး ၉ ချက် တောင်းဆို ထားတာရှိတယ်။ အဲဒါတွေရဖို့ပေါ့။ စက်ရုံ ရှေ့မှာ ဆန္ဒထုတ်ဖော်တာ နဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီလို့ဆိုပြီး ရဲဘက် ကတော့ အလုပ်သမားတွေရဲ့ လုံခြုံရေးကို တာဝန်မယူဘူး လို့တော့ လာပြောထားတယ်။ ကျွန်မတို့ ကတော့ တောင်းဆို ထားတဲ့ အချက်တွေ မရမချင်း ဆန္ဒပြတာကိုရပ် မှာ မဟုတ်ဘူး'' လို့ ဖုယွင် စက်ရုံ အလုပ်သမား သမဂ္ဂ အမှုဆောင် တဦးဖြစ်တဲ့ မသဇင်နွယ်က ဘီဘီစီကိုပြော ပါတယ်။

အဲဒီစက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့ အတွက် စက်ရုံရှေ့ မှာ သပိတ် စခန်းဖွင့်ပြီး ဆန္ဒပြ နေကြတာ စက်တင်ဘာ ၉ ရက်နေ့မှာ ရက် ၂၀ ပြည့်သွားပြီ ဖြစ်ပါတယ်။

' ' အဓိကက တော့ အလုပ်သမား အချင်းချင်း ကိုယ်ချင်းစာလို့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အခုဆိုရင် ဖုယွင်က အလုပ်သမားတွေ ဆန္ဒပြနေတာ ရက်၂၀ ရှိသွားပြီ။ မိုးထဲ ရေထဲမှာ ဒုက္ခလည်းအရမ်း ရောက်ကြတယ်။ အလုပ်သမား ၂၀၀ အတွက် တရက်ကို စားစရိတ်ကပဲ တသိန်းကျော်ရှိတယ်။ အမြန်ဆုံး ပြေလည်စေချင် တယ်။ အလုပ်သမား သမဂ္ဂဝင်တွေကို သက်သက်မဲ့ ထုတ်တာကိုလည်း မခံနိုင်ဘူး။ ဒါကြောင့် ဒီကနေ့ ဆန္ဒ ထုတ်ဖော်ပွဲကို ပါဝင် ဖြစ်တာပါ။ ခွင့်ပြုချက် ယူထားတာတော့မရှိဘူး ။ ဒီအတွက် ကိုယ့်ကို ထိခိုက်လာ နိုင်သလား ဆိုတာတော့ အဲ့လောက်ထိ တွေးမထားမိဘူး။ ပြေလည် စေချင်တာပဲသိတယ်။''လို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ဒဂုံ ဆိပ်ကမ်း စက်ရုံ အလုပ်သမား သမဂ္ဂ အဖွဲ့က မစုမြတ်မိုးက ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ် ကနောင်မင်းကြီးလမ်းမှာ ရှိတဲ့ ဖုယွင် အထည်ချုပ် စက်ရုံဟာ အင်္ကျီ၊ ဘောင်းဘီ၊ ကလေးအင်္ကျီ စတဲ့ နိုင်ငံခြား အပ်ထည်တွေကို ချုပ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား အရေ အတွက်က စုစုပေါင်း ၁၀၀၀ နီးပါးရှိတဲ့ စက်ရုံဖြစ်ပါတယ်။

စက်ရုံဘက်က အလုပ် သမားတွေကို အလုပ်ထုတ် တာဟာ ခွင့်မဲ့ ပျက်ကွက်မှုနဲ့ စည်းကမ်း ဖောက်ဖျက်မှု တွေကြောင့်လို့ အလုပ်ရှင် ဘက်က ပြောပေမယ့် အလုပ်သမားတွေ ဘက်ကတော့ အဲဒီ အချက်ကို ငြင်းဆို ထားပါတယ်။

အလုပ်သမားနဲ့ အလုပ်ရှင်ကို အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး တို့က ဝင်ရောက် စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ လေးကြိမ် စေ့စပ် ညှိနှိုင်းခဲ့ ပေမယ့် မအောင်မြင် ခဲ့တဲ့ အတွက် အလုပ်သမားတွေ ဘက်က ဆက်လက် ဆန္ဒထုတ်ဖော် နေကြတာလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

ဖုယွင်အုတ်တံတိုင်းကို အပေါက်ဖောက်ပြီး အလုပ်သမားတွေကို သွင်းနေတာဖြစ်ပါတယ်။