လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ

ရန်ကုန်၊ စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က မြို့တွေ အားလုံးနဲ့ ထိုင်း၊ မလေးရှား၊ ဂျပန်စတဲ့ နိုင်ငံ တွေ မှာလည်း အောက်မေ့ ဂုဏ်ပြု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ရန်ကုန်၊ စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က မြို့တွေ အားလုံးနဲ့ ထိုင်း၊ မလေးရှား၊ ဂျပန်စတဲ့ နိုင်ငံ တွေ မှာလည်း အောက်မေ့ ဂုဏ်ပြု

ဗြိတိသျှ နယ်ချဲ့ အစိုးရ လက်အောက်က မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် အမျိုးသားရေး စိတ်ဓာတ်ကို မျိုးစေ့ ချပေးခဲ့တာကြောင့် မြန်မာ့ လွတ်လပ်ရေး မီးရှူး တန်ဆောင်လို့ တင်စား ခေါ်ဝေါ် ခံရတဲ့ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူ တာဟာ စက်တင်ဘာ ၉ ရက်နေ့မှာ ၇၉ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား တွေကို ကို ရန်ကုန်၊ စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က မြို့တွေ အားလုံးနဲ့ ထိုင်း၊ မလေးရှား၊ ဂျပန်စတဲ့ နိုင်ငံတွေမှာလည်း အောက်မေ့ ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပခဲ့ ပါတယ်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဗြိတိသျှ အစိုးရကို မြန်မာတို့ မော်မကြည့်ဝံ့ ဖြစ်နေတဲ့ အချိန်မှာ အင်္ဂလိပ် ဘုရင်ခံ ဆာရယ်ဂျီ ကရက်ဒေါက် - Get out မင်း မြန်မာပြည်က ထွက်သွားပါ ဆိုပြီး အင်္ဂလိပ် အစိုးရကို ပထမဆုံး စိန်ခေါ်ကာ သူရိယ သတင်းစာ ကနေ ရေးသားခဲ့သူဟာ ဆရာတော် ဦးဥတ္တမ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ ထင်ရှားတဲ့ ရခိုင် အမျိုးသား ရဟန်းတော် တစ်ပါးလည်း ဖြစ်ပါတယ်။

ဆရာတော် ဦးဥတ္တမဟာ အမျိုးသား နိုင်ငံရေး စည်းရုံး ဟောပြောမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဖမ်းဝရမ်း အကြိမ်ကြိမ် အထုတ်ခံခဲ့ရပါတယ်။

၁၉၁၁ ခုနှစ်မှာ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အတွင်း ဝံသာနုရက္ခိတ တရား ဟောပြော နေစဉ်အတွင်းမှာ အဖမ်းခံခဲ့ရပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်မှုနဲ့ ပထမဆုံး ထောင်ဒဏ် အပြစ်ပေးခံရတဲ့ ရဟန်းတော်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ရခိုင် ဆရာတော် ဦးဥတ္တမနဲ့ အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်တွေ ရင်းနှီးမှု ကြီးမား

ဆရာတော် ဦးဥတ္တမဟာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ ရန်ကုန်မြို့မှာ ပျံလွန်တော်မူ ခဲ့တဲ့ အတွက် အဲဒီနေ့ကို ဦးဥတ္တမနေ့လို့ သတ်မှတ်ပြီး ရခိုင် အမျိုးသားတွေက ခုလို အောက်မေ့ ဂုဏ်ပြုပွဲတွေကို နှစ်စဉ် ကျင်းပနေကြတာ ဖြစ်ပါတယ်။

ဆရာတော်ဟာ မြန်မာ့ လွတ်လပ်ရေး အတွက် ခုလို ကြိုးပမ်း ဆောင်ရွက်ခဲ့ပေမယ့်လည်း အစိုးရ အဆက်ဆက်ရဲ့ အသိအမှတ် ပြုမှုက မရှိ သလောက် ဖြစ်နေတယ်လို့ စစ်တွေမြို့မှာ ဆရာတော် ဦးဥတ္တမနေ့ ကျင်းရေး ကော်မတီအဖွဲ့ ဦးကျော်ဇံမောင်က ပြောပါတယ်။

ဒီအတွက် ဆရာတော် ဦးဥတ္တမနေ့ကို အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ဦးကျော်ဇံမောင်က တောင်းဆို သွားခဲ့ပါတယ်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားဟာ ရန်ကုန်မှာလည်း အလွန် စည်ကားခဲ့ပြီး စစ်တွေမြို့ ဆိုရင်လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပြီး ပန်းခွေ ချကာ ဆရာတော် ဦးဥတ္တမကို ဂါရ၀ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ငြိမ်းစုစီ တင်ပြီးမှ ဆရာတော် ဦးဥတ္တမနေ့ကို ကျင်းပခဲ့ရတဲ့ အတွက် ဒါဟာ မဖြစ် သင့်

ဒါပေမယ့် ရခိုင်ပြည်နယ်က မင်းပြား၊ မြောက်ဦး၊ ပေါက်တော တို့မှာ ငြိမ်းစုစီ တင်ပြီးမှ ဆရာတော် ဦးဥတ္တမနေ့ကို ကျင်းပခဲ့ရတဲ့ အတွက် ဒါဟာ မဖြစ် သင့်ဘူးလို့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဆရာတော်ဟာ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ စတဲ့ အာရှ နိုင်ငံတွေ အင်္ဂလိပ် လက်အောက်က လွတ်မြောက်ဖို့ အတွက် မျိုးစေ့ ချပေးခဲ့တဲ့ မီးရှူးတန်ဆောင် ဆရာတော်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသွားတာ ၇၉ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ် တွေ ကတော့ မြန်မာလူထု အကြားမှာ ထာဝရ တည်ရှိနေမှာ ဖြစ်ပါတယ်။