ဒေါ်နမ်းမိုဟွမ် ကိစ္စ NRPC ပြောပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
TNLA က သူတို့ ပြဌာန်း ထားတဲ့ ဥပဒေတွေနဲ့ အရေးယူတာလို့ ဆိုပါတယ်
နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က ကုန်စုံဆိုင် ပိုင်ရှင် ဒေါ်နမ်းမိုဟွမ်ကို TNLA အဖွဲ့က ဖမ်းဆီး ခဲ့တာ နဲ့ ပတ်သက်ပြီး ပြန်လွှတ် ပေးဖို့ NRPC အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက တောင်းဆို လိုက်ပါတယ်။
အခုလို ဖမ်းဆီး ထားတာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိုထိ ခိုက်စေပြီး တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်တဲ့ ကိစ္စဖြစ်တယ်လို့ NRPC က ပြောပါတယ်။
TNLA ဘက်ကတော့ သူတို့နယ်မြေ အတွင်းမှာ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေ ရှိတယ်လို့ TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်နမ်းမိုဟွမ်ကို TNLA တရားရေး ဌာနက အမှုဖွင့်ထားပြီး တရား စီရင်ဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့်လည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်းက အခုလို အတောင်းဆိုတာ ဖြစ်တဲ့ အတွက် ညှိနှိုင်းမှုတွေ လုပ်ဖို့ ရှိသလား ဆိုတာ ကိုတော့ မိုင်အိုက်ကျော်က လောလောဆယ် သူတို့ ထုတ်ပြန်ထားတဲ့ အတိုင်း TNLA ကပဲ တရား စီရင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်နမ်းမိုဟွမ်ဟာ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရဲ့ ဝန်ထမ်းကို အသက် သေဆုံးတဲ့ထိ နှောင့်ယှက် ခဲ့လို့ ဆိုပြီး TNLA က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒေါ်နမ်းမိုဟွမ် လုံခြုံရေး နဲ့ ကျန်းမာရေး ဟာ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့လည်း မိုင်အိုက်ကျော်က ပြောပါတယ်။