ဘန်ကောက်က ရိုဟင်ဂျာအရေးဆွေးနွေးပွဲကို ထိုင်းအစိုးရပိတ်

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ဓာတ်ပုံ မူပိုင် CHANDAN KHANNA / Getty Images
Image caption ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ

မြန်မာအရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကို ထိုင်းအာဏာပိုင်က ပိတ်ပင်လိုက် တာနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့နိုင်ငံခြားသတင်းထောက်များအသင်း (ထိုင်းနိုင်ငံ) က အတော်စိတ်ပျက်ရတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ ရိုဟင်ဂျာအရေးပါတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကို ကျင်းပဖို့စီစဉ်ရာမှာ ထိုင်းရဲတပ်ဖွဲ့ ပွဲစီစဉ်သူတွေကို စာရေးတားမြစ်လိုက်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ "နိုင်ငံတကာ ရာဇဝတ်မှုနဲ့ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို စစ်ဆေးပြီး တရားရုံးကို ပို့နိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

ဆွေးနွေးပွဲ မစခင်မှာ ဒါဇင်နဲ့ချီတဲ့ ထိုင်းရဲတပ်ဖွဲ့တွေ ရောက်လာပြီး ပွဲကို တားမြစ်တဲ့စာကို ပေးအပ်ခဲ့ပါတယ်။ စာထဲမှာတော့ နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေးတွေကို ထိခိုက်နိုင်သလို မတည်ငြိမ်မှု ဖြစ်အောင် ကြားအဖွဲ့အစည်းတွေက အသုံးချသွားနိုင်တာကြောင့် ဒီအစည်းအဝေးကို ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

ဒါဟာတကမ္ဘာလုံးက စိုးရိမ်နေတဲ့အကြောင်းအရာတခုပါ။ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံ လည်းဖြစ်ပြီး အာဆီယံနိုင်ငံမှာ ထိပ်တန်းနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ဒီကိစ္စကို အဖြေရှာ ဆောင်ရွက်ရာမှာ ရှေ့ကနေ ဦးဆောင်ဖို့ လိုတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်ရဲ့ နိုင်ငံတကာ ဥပဒေ အကြံပေး တစ်ယောက်ဖြစ်တဲ့ Kingsley Abbott က ဘီဘီစီ ထိုင်းဌာနကို ပြောပါတယ်။

ဒီပွဲကို မကျင်းပဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်တာဟာ အတော် စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီအကြောင်းကို ဆွေးနွေးဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ခံမှု အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ နည်းလမ်းတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဖို့လည်း အခွင့်အရေးဆုံးရှုံးခဲ့ရတယ် လို့ Kingsley Abbott က ပြောပါတယ်။

ထိုင်းနိုင်ငံခြားသတင်းအသင်းဥက္ကဌကတော့ ခုလိုပယ်ဖျက်လိုက်တာကို စိတ်ပျက်ကြောင်းနဲ့ အခုဆွေးနွေးပွဲကို ဖျက်တာကလွဲရင် တခြားမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဗြိတိန်အခြေစိုက် မြန်မာရို ဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဦးထွန်းခင် ၊ ကိုဖီအာနန် အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေ နှုတ်ထွက်သွားတဲ့ ထိုင်းသံအမတ်ကြီးဟောင်း ၊ နိုင်ငံတကာ ဥပဒေပညာ ရှင်များအဖွဲ့က ကင်စလေ အဘော့တို့ ဆွေးနွေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ