စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း သိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် MOFA
Image caption ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

(၁) ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ စက်တင်ဘာ ၁၃ ရက်အထိ ပြုလုပ်မယ့် "27th World Economic Forum on ASEAN" ကို တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေပါပြီ။

၃ ရက်ကြာ ကျင်းပမယ့် ဒီဖိုရမ်မှာ "ASEAN 4.0: Entrepreneurship and the Fourth Industrial Revolution" ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် ရွှေအင်းသားခင်မောင်ဝင်း
Image caption တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖေါ်ပွဲ

(၂) စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေ ဦးဆောင်တဲ့ ရန်ကုန်မြို့က တပ်မတော်ထောက်ခံပွဲ

"တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖေါ်ပွဲ" ကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီဆန္ဒထုတ်ဖေါ်ပွဲကို ကျောက်တံတား၊ လသာ၊ လမ်းမတော်နဲ့ ဆိပ်ကမ်းမြို့နယ်တွေက မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာ ဒုက္ခသည်တွေ

(၃) ဘန်ကောက်က ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ထိုင်းအစိုးရပိတ်

မြန်မာအရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကို ထိုင်းအာဏာပိုင်က ပိတ်ပင်လိုက် တာနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့နိုင်ငံခြားသတင်းထောက်များအသင်း (ထိုင်းနိုင်ငံ) က အတော်စိတ်ပျက်ရတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ ရိုဟင်ဂျာအရေးပါတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကို ကျင်းပဖို့စီစဉ်ရာမှာ ထိုင်းရဲတပ်ဖွဲ့ ပွဲစီစဉ်သူတွေကို စာရေးတားမြစ်လိုက်တာဖြစ်ပါတယ်။

အဲဒီပွဲမှာ "နိုင်ငံတကာ ရာဇဝတ်မှုနဲ့ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို စစ်ဆေးပြီး တရားရုံးကို ပို့နိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

ဆွေးနွေးပွဲ မစခင်မှာ ဒါဇင်နဲ့ချီတဲ့ ထိုင်းရဲတပ်ဖွဲ့တွေ ရောက်လာပြီး ပွဲကို တားမြစ်တဲ့စာကို ပေးအပ်ခဲ့ပါတယ်။ စာထဲမှာတော့ နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေးတွေကို ထိခိုက်နိုင်သလို မတည်ငြိမ်မှု ဖြစ်အောင် ကြားအဖွဲ့အစည်းတွေက အသုံးချသွားနိုင်တာကြောင့် ဒီအစည်းအဝေးကို ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်လက ထုတ်ပြန်

(၄) အစ္စရေးနဲ့ မြန်မာ ပညာရေးသဘောတူညီချက် ပြန်ရုပ်သိမ်းတော့မလား

မြန်မာအစိုးရနဲ့ အစ္စရေး အစိုးရကြား ပညာရေးနဲ့ ဆိုင်တဲ့ သဘောတူညီမှု တခုကို ပြန်ရုပ်သိမ်းပေးဖို့ အစ္စရေးပညာရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတချို့က တောင်းဆိုလိုက်ပါတယ်။

အဲဒီသဘောတူညီမှုကို အစ္စရေးရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာသံအမတ်တို့က ပြီးခဲ့တဲ့မေလက လက်မှတ်ရေးထိုးခဲ့ကြတာပါ။

လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားအပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ လူမျိုးစု သုတ်သင်ရှင်းလင်းရေး စတာတွေနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံကို ပညာရေးအရ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာအစိုးရကို တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်နေတဲ့အတွက် ဒီသဘောတူညီချက်ကို ပြန်ရုပ်သိမ်းဖို့ အစ္စရေး ပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ခုနှစ်ယောက်တို့က အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု ကို စာရေးတောင်းဆိုလိုက်တာပါ။

Image caption နိုင်ငံသားတွေကို အရေးယူရင် အိုင်စီစီကို ဒဏ်ခတ်မယ်လို့ အမေရိကန်ပြော

(၅) နိုင်ငံသားတွေကို အရေးယူရင် အိုင်စီစီကို ဒဏ်ခတ်မယ်လို့ အမေရိကန်ပြော

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)အနေနဲ့ အမေရိကန် နိုင်ငံသားတွေကို တရားစွဲ အရေးယူမယ်ဆိုရင် အိုင်စီစီကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန် အစိုးရက သတိပေးလိုက်ပါတယ်။

အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူတွေကို မတော်မတရား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရားစွဲဖို့ အိုင်စီစီက စဉ်းစားနေတဲ့အပေါ် အမေရိကန် အမျိုးသား လုံခြုံရေး အကြီးအကဲ John Bolton က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံသားတွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်သွားမယ်လို့ မစ္စတာ Bolton က ပြောပါတယ်။ အမေရိကန် နိုင်ငံသားတွေနဲ့ မဟာမိတ်တွေကို တရားစွဲဆိုမှုကနေ ကာကွယ်ဖို့ ဘာမဆို လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ