တရုတ်ဈေးကွက်ကြောင့် မြန်မာဆင်တွေမလုံခြုံတော့

Image caption ဆင်ဈေးကွက်လိုအပ်ချက်ကြောင့် ဆင်တွေမလုံခြုံတော့

တရုတ်နိုင်ငံက ဈေးကွက်မှာ ဆင်ထွက်ပစ္စည်းဈေးကွက် လိုအပ်ချက်ကြောင့် တောဆင်ရိုင်းတွေကို သက်ရောက်မှုရှိစေတယ်လို့ ဗြိတိန်တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တဖွဲ့ ဖြစ်တဲ့ Elephant Family က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆင်သားရေအပါအဝင် ဆင်ကထွက်တဲ့ ပစ္စည်းတွေကို တရုတ်နိုင်ငံမှာ ဆေးဝါးဖော်တဲ့အခါနဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ ဆင်မြန်းတဲ့အခါမှာ အသုံးပြုနေတာ များလာတဲ့အတွက် မြန်မာပြည်က မုဆိုးတွေဟာ ဆင်စွယ်တွေ သာမကပဲ ဆင်မနဲ့ ဆင်သားလေးတွေကိုပါ ပစ်မှတ်ထား မုဆိုးလိုက်ကြတယ်လို့ Elephant Family အဖွဲ့က ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ဈေးသည်တယောက်ကို ဆင်သားရေ ရနိုင်မလားဆိုပြီး အဖွဲ့က မေးကြည့်စုံစမ်းတဲ့အခါ ၄ နာရီအတွင်းရှာပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အစတုန်းကတော့ ဆင်စွယ်ကိုလိုက်တယ် နောက်ပိုင်းဆင်စွယ်တင်မဟုတ်ပဲ ဆင်သားရေ ဆင်နှာမောင်း အသားတွေကိုလည်းယူတယ် ပြီးတော့ရောင်းတယ်။ ရောင်းရင် တရုတ်ပြည်ဘက်ရောင်းတယ်။

အစတုန်းကတော့ ဆင်စွယ်ကို လိုက်တယ်။ နောက်ပိုင်း ဆင်စွယ်တင်မဟုတ်တော့ပဲ ဆင်သားရေ ဆင်နှာမောင်း နဲ့အသားတွေကို ယူတယ်။ အသေတွေကို ရောင်းတာရှိသလို တချို့တွေကလည်း အရှင်တွေကို မောင်းပြီးတော့ တရုတ်ပြည်နဲ့ ထိုင်းနိုင်ငံဘက် ရောင်းတယ်လို့ ဒေါက်တာဖုန်းဝင်းက ဆိုပါတယ်။

ပဲခူးရိုးမ၊ ရခိုင်ရိုးမနဲ့ ဧရာဝတီတိုင်းက မြို့နယ်တွေက ဆင်တွေကို မုဆိုးလိုက်တာနဲ့ သတ်ဖြတ်ရောင်းချတာ အဆိုးဆုံးဖြစ်နေပါတယ်။

Elephant Family ရဲ့ တွေ့ရှိချက်အရ မြန်မာနိုင်ငံဟာ အာရှနိုင်ငံက ဆင်သားရေ ကုန်သွယ်ရေးရဲ့ မူလဇစ်မြစ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်ကစပြီး ဆင်မုဆိုးတွေ ပိုများလာပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ အသတ်ခံရတဲ့ ဆင်ကောင်ရေ ၂၆ ကောင်ရှိပြီး ၂၀၁၆ ခုနှစ်မှာတော့ ဆင်ကောင်ရေ ၆၁ ကောင် ရှိတယ်လို့ Elephant family က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာ ဆင်ကထွက်တဲ့ ပစ္စည်းတွေ ဝယ်ရောင်းဖောက်သွယ်မှုက အင်တာနက် အွန်လိုင်းနဲ့ လူမှုကွန်ယက်အထိ ကျယ်ပြန့်နေတဲ့အတွက် ဆင်တွေဟာ ကြီးငယ်မရွေး လုံခြုံမှု မရှိတဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ