အမေရိကန်အရှေ့ဘက်ကမ်းရိုးတမ်းက လူနှစ်သန်းနီးပါး ဟာရီကိန်းမုန်တိုင်းရှောင်ဖို့ညွှန်ကြား

ဟာရီကိန်းတိုက်ခတ်မယ့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတမ်း ဓာတ်ပုံ မူပိုင် Handout / Getty Images
Image caption ဟာရီကိန်းတိုက်ခတ်မယ့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတမ်း

အမေရိကန်အရှေ့ဘက်ကမ်းရိုးတမ်းတလျှောက်မှာနေထိုင်တဲ့ ဒေသခံ တစ်သန်းခုနှစ်သိန်းကျော်အား အင်အားပြင်းဟာရီကိန်းဖလော့ရင့်စ်မုန်းတိုင်းကိုရှောင်ဖို့ အာဏာပိုင်က ညွှန်ကြားထား ပါတယ်။

သောင်းနဲ့ချီဒေသခံတွေလည်း စက်တင်တာလ ၁၀ ရက်နေ့ကစပြီး ဘေးလွတ်ရာတခြားမြို့တွေမှာ စတင်ပြောင်းရွှေ့ကြပါတယ်။ မုန်တိုင်းရှောင်သူတွေထဲမှာလည်း အမေရိကန်နိုင်ငံမှာသွားရောက်အခြေချနေထိုင်တဲ့ မြန်မာပြည်သားတွေလည်း ထောင်ဂဏန်းရှိနေတယ်လို့ မြောက်ကယ်ရိုလိုင်းနားမှာနေထိုင်တဲ့ ကရင်ဒုက္ခသည်တွေက ပြောပါတယ်။

တနာရီကို မိုင် ၁၄၀ လောက် ရွေ့လျားတိုက်ခတ်မယ့် ဟာရီကိန်းဖလော့ရင့်စ်မုန်တိုင်းဟာ အမေရိကန်သမိုင်းမှာ နှစ်ပေါင်း ၃၀ အတွင်း အင်အားအပြင်းဆုံးမုန်တိုင်းဖြစ်ပြီး အန္တရာယ်သိပ်ကြီးလွန်းတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းရှောင်သူတွေများပြီး ကားလမ်းတွေပိတ်ဆို့နေတဲ့အတွက် ပြောင်းရွှေ့မှုပိုမိုမြန်ဆန်ဖို့ တောင်ကယ်ရိုလိုင်းနားက အဝေးပြေးလမ်းမလေးခုကို အာဏာပိုင်က တစ်လမ်းမောင်းခွင့်ပြု လိုက်တယ်။

နောက်ဆုံးရသတင်းအရ မုန်တိုင်းဖလော့ရင့်ခ်ဟာ ကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ချိန်မှာ အဆင့် ၂ လောက်ပဲရှိမှာဖြစ်ပြီး လေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၁၀ လောက်ပဲရှိမယ်လို့ အမေရိကန်မီဒီယာတွေမှာ ရေးသားထားပါတယ်။

မြောက်ကယ်ရိုလိုင်းနားက မြို့ဆယ်မြို့မှာ ကရင်၊ ချင်း၊ ရှမ်းလူမျိုးနဲ့ တခြားမြန်မာပြည် သားတွေ ၆ ထောင်လောက်နေထိုင်ကြတယ်လို့ ကရင်ဒုက္ခသည်အဖွဲ့အစည်းက ပြောပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်ရင် အပျက်အစီးတွေလည်းများနိုင်ပြီး မြေပြိုမှု၊ ရေကြီးမှုတွေဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကြာရှည်ခံတဲ့ ရိက္ခာခြောက်တွေ၊ သောက်ရေတွေနဲ့ တခြားရေးပေါ်သုံးပစ္စည်းတွေကို သုံးရက်စာသိုလှောင်ထားဖို့လည်း အာဏာပိုင်က ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် ANDREW CABALLERO-REYNOLDS / Getty Images
Image caption မုန်တိုင်းရှောင်သူ

ကျွန်တော်တို့သတိနဲ့နေကြတယ်။ မုန်တိုင်းဝင်ရင် မိုးကြီး၊ ရေကြီးနိုင်တယ်။ မီးတွေလည်းပျက်မယ်။ ဆိုင်တွေလည်းအကုန်လုံးပိတ်မယ်။ အဲလိုဖြစ်လာနိုင်တဲ့အတွက် ရိက္ခခြောက်တွေ၊ အဆင်သင့်စား လို့ရတဲ့အစားအစာတွေကို သိုလှောင်ထားရတယ်။ ရေတွေ အနည်းဆုံးသုံးရက်စာလောက် သိမ်းထားရတယ်။ မီးပျက်တဲ့အခါမှာ သုံးလို့ရအောင် ဓာတ်မီး၊ ဓာတ်ခဲတွေ ဆောင်ထားရတယ်။ အဲဒါတွေတော့ ကျွန်တော်တို့ ပြင်ဆင်နေကြတယ်လို့ မြောက်ကယ်ရိုလိုင်းနားမှာနေထိုင်တဲ့ ကရင်ဒုက္ခသည် စောဒေးဒေး က ဘီဘီစီကို ပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူ Jeff Byard ကတော့ ဟာရီကိန်းဖလော့ရင့်စ်က အားပြင်းတဲ့ လက်ဝှေ့သမား မိုက်ခ်တိုင်ဆန် ထိုးနှက်ချက်လို ကယ်ရိုလိုင်းနားကမ်းခြေကို ပြင်းပြင်းထန်ထန် တိုက်ခတ်မယ်လို့ ပြောပါတယ်။

မြောက်ကယ်ရိုလိုင်းနားမြို့တော်ဝန် Roy Cooper ကတော့ သဘာဝဘေးဟာ လူတွေရဲ့ အိမ်တံခါးဝမှာရောက်နေပြီး သောင်းနဲ့ချီတဲ့အဆောက်အအုံတွေလည်း ရေမြုပ်မယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မနက်မှာတော့ ပင်လယ်လှိုင်း အမြင့်ဟာ ပေ ၈၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ကမ်းရိုးတမ်းမှာနေထိုင်တဲ့လူတွေ အားလုံးကို ကြာသပတေးနောက်ဆုံးထားပြီး ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ အာဏာပိုင်က ပြောပါတယ်။