ရခိုင်အရေး ပိုကောင်းတဲ့နည်းနဲ့ လုပ်နိုင်ခဲ့သင့် - ဒေါ်အောင်ဆန်းစုကြည်

ရိုက်တာသတင်းထောက် ကို၀လုံး ဓာတ်ပုံ မူပိုင် YE AUNG THU / Getty Images
Image caption ရိုက်တာသတင်းထောက် ကို၀လုံး

ရခိုင် ပြည်နယ်မှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ NLD အစိုးရ အနေနဲ့ အထိရောက်ဆုံး ကိုင်တွယ် ဖြေရှင်းခဲ့သင့်တယ်လို့ နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်မှာ ကျင်းပနေတဲ့ အာဆီယံ ကမ္ဘာ့ စီးပွားရေး ညီလာခံမှာ ပြောဆို လိုက်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဖြစ်ခဲ့တဲ့ ARSA အဖွဲ့က လုပ်ခဲ့တဲ့ ရဲကင်း စခန်း ၃၀ ကျော် ကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဒုက္ခသည် ခုနှစ်သိန်း ကျော် ထွက်ပြေး ခဲ့ရပါတယ်။ ဒီကိစ္စတွေကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းဖို့ အစိုးရ အနေနဲ့ နည်းလမ်း ပေါင်း များစွာရှိခဲ့တယ် ဆိုတာ ကိုလည်း သူ့ အနေနဲ့ ပြန်လည် သုံးသပ် စဉ်းစား မိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ဒေသ နယ်မြေ အေးချမ်းရေး နဲ့ လုံခြုံရေး အတွက် အဖက်ဖက်က စဉ်းစား သုံးသပ်ပြီး တရားမျှတစွာ ဆောင်ရွက် ခဲ့ပြီး တဘက်တည်း ကိုဖြစ်ဖြစ်၊ တဦး တယောက်ကို ဖြစ်ဖြစ် တရားဥပဒေ အရ အကာအကွယ် ပေးသင့် တယ် ဆိုပြီး ရွေးချယ် ဆုံးဖြတ် ခဲ့တာမျိုး မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Suhaimi Abdullah / Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည်

နောက်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခ အကြောင်း သတင်းရေးသား ခဲ့တဲ့ ရိုက်တာ သတင်းထောက်တွေဟာ သတင်းထောက် ဖြစ်လို့ ထောင်ဒဏ် ချမှတ် ခံရတာ မဟုတ်ဘဲ ဥပဒေ ဖောက်ဖျက် ကျူးလွန် ခဲ့လို့ သာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆို လိုက် ပါတယ်။

အင်းဒင် ကျေးရွာ က ရိုဟင်ဂျာ သတ်ဖြတ်ခံရမှု အကြောင်း ရေးသား ခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ် ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် တွေနဲ့ ပတ်သက်လို့ သူက ပြောဆို ခဲ့တာပါ။

ရိုက်တာ သတင်းထောက်တွေ ထောင်ဒဏ် ချမှတ်ခံရတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ မဆိုင်ဘဲ သူတို့အနေနဲ့ အယူခံဝင်လို့ ရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ် က ရိုက်တာ သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ နှစ်ယောက် ဟာ ကိုလိုနီ ခေတ် က ပြဋ္ဌာန်း ထားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ကို ဖောက်ဖျက် ခဲ့တယ် လို့ ဆိုကာ မြောက်ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက် တွေကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့ အပေါ်မှာ နိုင်ငံတကာ သတင်းအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့ တွေက ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ပြီး သတင်းထောက်တွေကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆို လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ လူ့အခွင့်အရေး ဦးဆောင် လှုပ်ရှားခဲ့ဖူးသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန် နေပါတယ်။

ရိုက်တာ သတင်းထောက် အမှု ကို အများပြည်သူ ထင်သာ မြင်သာ ရှိအောင် စစ်ဆေး ဆုံးဖြတ် ခဲ့တာ ဖြစ်ပြီး ပွင့်လင်း မြင်သာ တဲ့ တရားရုံးက ပြစ်ဒဏ် ချမှတ် ခဲ့တာ ဖြစ်ကြောင်း၊ တရားသူကြီး ရဲ့ စီရင်ချက် အကျဉ်းချုပ် ကို လူတွေက အပင်ပန်း ခံပြီး ဖတ်ကြည့်တယ်လို့ သူ မထင်ကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ဗီယက်နမ် နိုင်ငံ ဟနွိုင် မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေး ညီလာခံ မှာ ပြောဆို သွားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာသတင်းထောက် ဇနီးသည်ရဲ့ ရင်ဖွင့်ချက်