စက်တင်ဘာ ၁၄ နေ့လယ်ပိုင်း သိသင့်တဲ့သတင်းများ

ပညာသင်ကြားရေးမှာ ကန့်သတ်ချက်တွေ၊ ဆုံးရှုံးနစ်နာတာတွေကို တောင်းဆို ဓာတ်ပုံ မူပိုင် BBC BURMESE
Image caption ပညာသင်ကြားရေးမှာ ကန့်သတ်ချက်တွေ၊ ဆုံးရှုံးနစ်နာတာတွေကို တောင်းဆို

၁။ စစ်ကိုင်းပညာရေးကောလိပ်မှာ ကျောင်းသားတွေဆန္ဒပြ

ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ကစစ်ကိုင်းပညာရေးကောလိပ်မှာ မြန်မာနိုင်ငံက ပညာရေးကောလိပ် တွေရဲ့ ပညာသင်ကြားရေးမှာ ကန့်သတ်ချက်တွေ၊ ဆုံးရှုံးနစ်နာတာတွေကို တောင်းဆိုပြီး ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

အလားတူ ကော်မတီမျိုးကို မုံရွာ၊ တောင်ငူ၊ ထားဝယ်၊ ပခုက္ကူ၊ မကွေး၊ စစ်ကိုင်း၊ လွိုင်ကော်၊ ပုသိမ် ၊မြစ်ကြီးနား၊ ဘားအံ၊ လားရှိုး ၊မော်လမြိုင်၊ကျောက်ဖြူနဲ့ ဟားခါးပညာရေးကောလိပ်တွေမှာလည်း ပြီးခဲ့တဲ့ရက်က ဖွဲ့စည်းခဲ့ကြပါတယ်။

၂။ မောင်တောမှာ မွတ်ဆလင်လူငယ်တွေကို ပညာရေးဝန်ထမ်း ခန့်အပ်ဖို့ စီစဉ်

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဘွဲ့ရ၊ တက္ကသိုလ်ဝင်တန်းအောင်၊ ကိုးတန်းအောင် စတဲ့ မွတ်ဆလင်လူငယ်တွေ ကို နေ့စား လပေး သင်ကြားရေးကူ ဆရာ၊ ဆရာမတွေအဖြစ် ခန့်အပ်နိုင်ဖို့ မြို့နယ်ပညာရေးရုံးတွေမှာ ညွှန်ကြားချက်ထုတ်ထားပြီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မူဆလင်လူငယ်တွေကို ပညာရေးဝန်ထမ်း ခန့်အပ်မယ့် အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက တဆင့် ပြည်နယ်ရုံးတွေက အဆင့်ဆင့် ညွှန်ကြားထားတာဖြစ်ပြီး လက်ရှိမှာ မောင်တောခရိုင် ပညာရေးမှူးရုံးက စာရင်းကောက်ယူနေပြီလို့ သိရပါတယ်။

၃။ အစိုးရအဖွဲ့တောင်းခံတဲ့ ဘတ်ဂျက်ကို ၁ ရာခိုင်နှုန်းခန့်သာဖြတ်တောက်ပြီး လွှတ်တော်ကအတည်ပြု

ပြည်ထောင်စုအစိုးရအဖွဲ့က တောင်းခံထားတဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အသုံးစရိတ် အတွက် ကျပ်ငွေ ဘီလျံ ၂၅၀၀၀ ဝန်းကျင်ကနေ ကျပ် ၂၃၀ ဘီလျံကျော်ကို ဖြတ်တောက် ပြီးပြည်ထောင်စုလွှတ်တော် က အတည်ပြုပေးခဲ့ ပါတယ်။

ဘတ်ဂျက်ဖြတ်တောက် ခံရတဲ့အထဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့က အများအပြား ဖြတ်တောက်ခံရပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သာမန်သုံးငွေ ကျပ်သန်း ၇၀၀ နဲ့ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ၁၉၀၀ ကျော် ဖြတ်တောက်ပြီး ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ၁၇၀၀ ကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။

Image caption မုန်တိုင်းဝင်ရောက်မဲ့ လမ်းကြောင်း

၄။အင်အားပြင်း ဟာရီကိန်းဖလော့ရင့်စ်မုန်တိုင်း အမေရိကန်အရှေ့ဘက်ကမ်းရိုးတမ်းကိုပြင်းထန်စွာ ဝင်ရောက်

အင်အားပြင်း ဟာရီကိန်းဖလော့ရင့်စ်မုန်တိုင်းဟာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတမ်းကိုပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ပါတယ်။

သိန်းနဲ့ချီတဲ့ လူနေအိမ်တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ပင်လယ်ရေတွေဟာလည်း ကမ်းခြေပတ်လမ်းတွေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း တလျှောက်မှာနေထိုင်တဲ့ ဒေသခံ တစ်သန်းခုနှစ်သိန်းကျော်ကို အင်အားပြင်းဟာရီကိန်းဖလော့ရင့်စ်မုန်းတိုင်း ဘေးလွတ်ရာဆီ ရှောင်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထား ပါတယ်။

မြောက်ကာရိုလိုင်းနားက မြို့ ၁၀ မြို့မှာ ကရင်၊ ချင်း၊ ရှမ်းလူမျိုးနဲ့ တခြားမြန်မာပြည်သားတွေ ၆ ထောင် လောက်နေထိုင်ကြတယ်လို့ ကရင်ဒုက္ခသည်အဖွဲ့အစည်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မန်ခွတ် တိုင်ဖွန်းဟာ ၉၀၀ ကီလိုမီတာ ကျယ်ပြန့်နိုင်

၅။ဖိလစ်ပိုင်မှာလည်း တိုင်ဖွန်းမုန်တိုင်းဝင်တော့မယ်

တိုင်ဖွန်း မန်ခွတ် မုန်တိုင်းကြောင့် လူ ၅သန်းနဲ့ အထက် ထိခိုက်နိုင်ခြေရှိတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ထုတ်ဖော်ပြောထား ပါတယ်။

တိုင်ဖွန်း မန်ခွတ် မုန်တိုင်းဟာ လူဇွန်ကျွန်းမြောက်ပိုင်းကို ဦးတည်ပြီး ရွှေ့လျားနေပြီး တနာရီကို ကီလိုမီတာ ၂၀၀ အထက် တိုက်ခိုက်မယ်လို့ ခန့်မှန်းထားပါတယ်။ လူထောင်ပေါင်းများစွာကို သူတို့ရဲ့နေအိမ်တွေကနေ စွန့်ခွာဖို့ညွှန်ကြားထားပါတယ်။

စာသင်ကျောင်းတွေနဲ့ ရုံးတွေကို ပိတ်ထားလိုက်ပြီး လယ်သမားတွေလည်း သူတို့ရဲ့ စိုက်ခင်းတွေ မပျက်စီးခင် တက်သုတ်ရိုက် ရိတ်သိမ်းတာတွေ လုပ်နေကြပါတယ်။

မုန်တိုင်း ကျမယ့် လမ်းကြောင်း တလျှောက်မှာ လူ ၁၀ သန်းလောက် နေထိုင်နေကြပြီး တောင်ပိုင်း တရုတ် ကမ်းရိုးတန်း ဒေသမှာလည်း လူတွေ သန်းနဲ့ချီ ရှိနေပါတယ်။