အစိုးရပိုင် အဆောက်အအုံတွေ ငှားရမ်းခနည်းလို့ အရှုံးပေါ်

ဓာတ်ပုံ မူပိုင် YAGON HLUTTAW
Image caption ရန်ကုန်တိုင်းလွှတ်တော်

အစိုးရပိုင် အဆောက်အအုံတွေရဲ့ ငှားရမ်းခတွေဟာ ပြင်ပပေါက်ဈေးထက် အဆမတန် ကွာခြားပြီး ဈေးနည်းတာကြောင့် အရှုံးပေါ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းလွှတ်တော်ကို တင်တဲ့အစီရင်ခံစာမှာ ထည့်သွင်း တင်ပြထားပါတယ်။

စာရင်းစစ်ချုပ် တင်ပြတဲ့ အစီရင်ခံစာအရ သမဝါယမပိုင် ဆိုင်ခန်းတွေကို ပုဂ္ဂလိက ငှားရမ်းထားတဲ့ ဈေးနှုန်းနဲ့ သာကေတ မြို့နယ်ထဲက ရှုခင်းသာ ဥယျာဉ်ကို ငှားရမ်းထားတဲ့ ဈေးနှုန်းတွေက ပြင်ပပေါက်ဈေးနဲ့ အတော်ကွာဟနေပါတယ်။

အခု အစိုးရပိုင် တိုက်ခန်းတချို့ကို ငှားရမ်းထားတဲ့ ငှားရမ်းခက လေးသိန်းကျော်ရှိပေမယ့် အပြင်မှာ ငှားရမ်းခ ကာလပေါက်ဈေးက ၁၄ သိန်းအထိ ရှိနေပြီး တော်တော်လေး ကွာခြားနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သမဝါယမပိုင် ဆိုင်ခန်းပေါင်း ၁၆၆ ခန်း ရှိပြီး ၃၄ ခန်း ကို ငှားရမ်းထားပြီး ၆၉ ခန်းကို ပိတ်ထားတာ ဖြစ်ပါတယ်။

ဒီဆိုင်ခန်းတွေကိုတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ငှားရမ်းခဲ့တာ ဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းက ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြေတချို့မှာလဲ ငါးကန်တွေ ဖြစ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်စိုးပပလှိုင်က ထောက်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အစိုးရက လုပ်ဆောင်နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း ၁၄ ခု ဟာ အရှုံးပေါ်နေတဲ့အတွက် ဆက်လုပ်သင့်မလုပ်သင့် စဉ်းစားသင့်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်နဲ့ ရွှေနေပြည်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ထားတဲ့ ရန်ကုန်မြို့တော်အတွင်း လွှင့်နေတဲ့ City FM လုပ်ငန်းကလည်း အကျိုးတူလုပ်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ကပဲ အမြတ်ရပြီး အစိုးရဖက်ကတော့ အမြတ်ရမှု အလွန်နည်းတယ်လို့ အစီရင်ခံစာထဲ တင်ပြထားပါတယ်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာဟာ အတော်ပြည့်စုံသလို အများပြည်သူ သိသင့်သိထိုက်တာတွေလဲ ပါဝင်တဲ့အတွက် ဒီအစီရင်ခံစာနဲ့ ပတ်သတ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မေးခွန်းမေးတာတွေ ၊ အဆိုတင်တာတွေ လုပ်လာဖို့ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ