အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်အပေါ် သတင်းသမားအဖွဲ့တွေ ကန့်ကွက်

WORLD ECONOMIC FORUM မှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် WORLD ECONOMIC FORUM
Image caption WORLD ECONOMIC FORUM မှ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

ရိုက်တာသတင်းထောက်နှစ်ယောက်ဟာ ဥပဒေ ချိုးဖောက်လို့ ပြစ်ဒဏ်ချမှတ်ခံရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာနဲ့ ပတ်သတ်လို့ သတင်းသမား အဖွဲ့အစည်းတွေက ကန့်ကွက်စာ ထုတ်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ - ကမ္ဘာ့စီးပွားရေး ညီလာခံမှာ နိုင်ငံတကာသတင်းမီဒီယာများရဲ့ မေးမြန်းမှုအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်တဲ့ အဲဒီကန့်ကွက်စာမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်နဲ့ ပတ်သတ်လို့ မိမိတို့ အလွန်စိတ်ပျက်ကြောင်းရေးသားထားပါတယ်။

တရားစီရင်မှုမှာ အားနည်းချက်ရှိရင် ထောက်ပြနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပြောဆိုချက်ကို ကြိုဆိုသလို သတင်းသမားကွန်ရက်များအနေနဲ့ ဒီတရားစီရင်မှုမှာ ထောက်ပြလိုတဲ့ အချက်က ရိုက်တာသတင်းထောက်နှစ်ဦးဟာ ဥပဒေဖောက်ဖျက် ကျုးလွန်ခဲ့ခြင်းမရှိဘဲ သတင်းသမားများရဲ့ တာဝန်ဖြစ်တဲ့ သတင်းအချက်အလက်ရဖို့ ကြိုးစားစုဆောင်းစဉ် ထောင်ချောက်ဆင် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း သတင်းသမားများကွန်ရက်က ဆိုပါတယ်။

ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ အင်းဒင်ရွာ လူသတ်မှုကိစ္စနဲ့ ပတ်သတ်ပြီး စုံစမ်းရေးသားဖို့ မေးမြန်းရာမှာ ရဲတပ်ဖွဲ့က သတိပြုမိပြီး သူတို့နှစ်ယောက်ကို စာရွက်စာတမ်းတချို့ ရဲတပ်ဖွဲ့ဘက်က ပေးအပ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အခုလို ထောင်ချောက်ဆင် ဖမ်းဆီးတာကိုလည်း သတင်းထောက်နှစ်ယောက်နဲ့ ဒုရဲမှူးမိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၁၄ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံ သတင်းစာမှာ သတင်းဖော်ပြချက်အရ သတင်းသမားနှစ်ဦးဟာ ရခိုင်ဒေသဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနကို ပေးဖို့ ရည်ရွယ်တာကြောင့် ဖမ်းဆီးထားကြောင်း ရေးသားထားပါတယ်။

စီရင်ချက် ချချိန်မှာတော့ လက်ကိုင်ဖုန်းထဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ရခိုင်ပြည် ခရီးစဉ် စာရွက်စာတမ်း၊ တိုင်းရင်းသား လက်နက်ကိုင် ရခိုင်တပ်မတော် (AA) က ဒေါက်တာညိုထွန်းအောင် ဖုန်းနံပါတ်တို့ကို မှတ်စုစာအုပ်မှာ တွေ့ရတာနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် စာရွက်စာတမ်းတွေ့တာကြောင့်ဆိုပြီး နိုင်ငံတော်လျှို့ဝှက်ချက် ပုဒ်မ- ၃(၁) (ဂ) နဲ့ စီရင်ချက်ချတာဟာ ရှေ့နောက်မညီဘူးလို့ သတင်းသမားများ ကွန်ရက်က ဆိုပါတယ်။

ဒီလို ရှေ့နောက်မညီတဲ့ စီရင်ချက်နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျပြီး သတင်းသမားတွေရဲ့ သတင်းရယူပိုင်ခွင့်နဲ့ ပြည်သူတို့ရဲ့ သတင်းသိပိုင်ခွင့်ကို အစိုးရနဲ့ တရားစီရင်ရေးက လေးစားမှု မရှိကြောင်း ဒီကန့်ကွက်စာမှာ ပြောဆိုထားပါတယ်။

သတင်းထောက်တွေဟာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ရော လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ သတင်းယူဖို့ အဆက်အသွယ် လုပ်နေရတဲ့အတွက် လက်နက်ကိုင်တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ဟာ ရှိနေနိုင်သလို ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ကလည်း ထုတ်ပြန်ထားတာကြောင့် သတင်းထောက်တွေမှာ ရှိနိုင်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဒေါ်ဝေမာသိမ့်က ဘီဘီစီကို ပြောပါတယ်။

ဒီထုတ်ပြန်ချက်ကို မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြေလတ် ဂျာနယ်လစ်ကွန်ရက်၊ တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် ၊ ဧရာဝတီ ဂျာနယ်လစ်ကွန်ရက်၊ တောင်ကြီးသတင်းစာဆရာများအသင်း နဲ့ လားရှိုး သတင်းထောက်များအဖွဲ့က ပူးပေါင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။